ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ရဲများ၏ ငွေညှစ်ယူမှုဖြစ်စဉ်များအား အုပ်စုလိုက်ဒုစရိုက်မှုနှင့် နိုင်ငံတော် အကျင့်ပျက်ခြစားမှုတို့နှင့် ဆက်စပ်သည့် အထူးအမှုအဖြစ် သတ်မှတ်စစ်ဆေးရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ကို အဓိက အတိုက်အခံ နိုင်ငံပါတီ People’s Party ၏ လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုလိုက်ကြောင်း Thai Enquirer သတင်းက ဇူလိုင် ၄ရက်တွင် ဖော်ပြထားသည်။ သြဇာကြီးမားသော အဖွဲ့အစည်းများနှင့် အစိုးရအရာရှိများက အကာအကွယ်ပေးသည့် ယင်းကဲ့သို့ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးရန် People’s Party ပါတီ၏အမတ် ဝီရော့လခ်ခန် အာဆီဆွန်နှင့် တာ့ခ်ခရိုင်အမတ် ရာချာပွန် ဆရွိုင်ဆူဝမ်တို့က DSI အကြီးအကဲ ရဲမှူးကြီး ယွတ်ထာနဖယ်ဒန်ထံသို့ သက်သေအထောက်အထားများ တင်သွင်းခဲ့ကြသည်။
တရားမဝင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဖမ်းဆီးခံရခြင်းမှ ကင်းဝေးစေရန်အတွက် တစ်လလျှင် ဘတ်၃၀၀ ဖြင့် “ရဲကဒ်’ ဆိုသည့် ခွင့်ပြုချက်ကို ဝယ်ယူရန် အတင်းအကျပ် ခိုင်းစေခံနေရပြီး ယင်းမှတစ်ဆင့် နှစ်စဉ် ဘီလီယံနှင့်ချီသော ဘတ်ငွေများ ရရှိနေကြောင်းနှင့် အရာရှိများ ယင်းကဲ့သို့ ကောက်ယူမှုများကို ဆက်လက် လုပ်ဆောင်နိုင်ရန် တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမားများနှင့် ဒုက္ခသည်များကိုပါ နှောင့်ယှက်နေသည်ဟု ဝီရော့က စွပ်စွဲခဲ့သည်။ ယခုကဲ့သို့ လုပ်ဆောင်မှုများသည် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်စီးပွားရေးလုပ်ငန်းများနှင့် ထိုင်းနိုင်ငံသားများကို အမည်ခံထားသည့် အလုပ်များနှင့် ချိတ်ဆက်နေသည်ဟုဆိုသည်။ People’s Party က ၎င်းတို့ တိုင်ကြားထားသည့် အမှုသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်မျာနှင့် ပတ်သက်၍ အထူးအမှုစစ်ဆေးရေး ဥပဒေအောက်ရှိ အထူးစုံစမ်းစစ်ဆေးမှုအတွက် သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီသည်ဟု ပြောထားသည်။