ဇူလိုင်လ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အိန္ဒိယသည် ယခုနှစ် အာဆီယံသဘာပတိအဖြစ် မလေးရှား၏ အခန်းကဏ္ဍအတွက် အခိုင်အမာ ထောက်ခံကြောင်း ကတိပြုပြီး ဒေသတွင်း တည်ငြိမ်မှုနှင့် တိုးတက်မှုအပေါ် အလေးပေး ထောက်ခံခဲ့သည်ဟု The Sun သတင်းကဇူလိုင် ၂ ရက်တွင်ဖော်ပြသည်။ မလေးရှားနိုင်ငံဆိုင်ရာ အိန္ဒိယမဟာမင်းကြီး B.N. Reddy သည် Bernama TV နှင့် အင်တာဗျူးတွင် မလေးရှား၏ အာဆီယံ ဦးစားပေးမှုများနှင့် ကိုက်ညီကြောင်း အတည်ပြုခဲ့သည်။ Reddy က “အိန္ဒိယသည် မလေးရှားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ယူမှု၏ အဓိကအကြောင်းအရာများဖြစ်သည့် ‘အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့မှု’ နှင့် အာဆီယံဗဟိုပြုမှုတို့နှင့်အတူ လိုက်လျောညီထွေဖြစ်စေရန် စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှတစ်ဆင့် အာဆီယံနှင့် ချိတ်ဆက်မှု မြှင့်တင်ရန် အိန္ဒိယ၏ အကျိုးစီးပွားကို အလေးပေးပြောကြားခဲ့ပြီး “အာဆီယံနှင့် လိုက်လျောညီထွေရှိသော သာယာဝပြောသော မြန်မာနိုင်ငံကို ကျွန်ုပ်တို့ မြင်တွေ့လိုပါသည်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အာဆီယံ-အိန္ဒိယ ဆက်ဆံရေးသည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးတက်နေကြောင်း သံတမန်က မှတ်ချက်ပြုသည်။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် ကွာလာလမ်ပူတွင် အပြုသဘောဆောင်သောချဉ်းကပ်မှုဖြင့် လာမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM) တွင် ပါဝင်မည်ဖြစ်သည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီး Pabitra Margherita သည် အောက်တိုဘာလတွင်ကျင်းပမည့် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးမတိုင်မီ အိန္ဒိယ၏ ဒေသတွင်းအစီအစဉ်များကို အလေးပေးဖော်ပြမည်ဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးတွင် Reddy သည် မလေးရှား၏ကြီးထွားလာသောကမ္ဘာ့သြဇာလွှမ်းမိုးမှုနှင့် ဒေသတွင်းတာဝန်များကို မီးမောင်းထိုးပြခဲ့သည်။ မလေးရှားသည် အမေရိကန်ပြီးလျင်အိန္ဒိယန်းလူမျိုးနှစ်သန်းကျော်နေထိုင်သည့် အကြီးဆုံးဒေသဖြစ်ပြီး နက်ရှိုင်းသော ယဉ်ကျေးမှုနှင့် စီးပွားရေးဆက်နွယ်မှုများကို ညွှန်ပြခဲ့သည်။ “မလေးရှားလို မိတ်ဖက်နိုင်ငံတစ်ခုက ကျွန်တော်တို့အတွက် အလွန်အရေးပါပါတယ်။ ကျွန်တော်တို့က မလေးရှားကို ကျွန်တော်တို့ရဲ့ ချဲ့ထွင်ထားတဲ့အိမ်နီးချင်းအစိတ်အပိုင်းတစ်ခုလို့ ခေါ်ပါတယ်” ဟု ၎င်းက ဆိုသည်။