မြန်မာဘက်သို့ လိမ်လည်ကာခေါ်ယူခြင်းခံခဲ့ရသူ တရုတ်မော်ဒယ်တစ်ဦးကို ကယ်ဆယ်ခဲ့ရ

ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တရုတ်မော်ဒယ်တစ်ဦးဖြစ်သူ”Zhong” ’ ဆိုသူသည် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိပြီးနောက် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးရမည်ဟု လိမ်လည်ခံရကာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘန်ကောက်ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်ကို The Nation Thailand သတင်းက ဇူလိုင် ၄ရက်တွင်ဖော်ပြသည်။ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ညီမဖြစ်သူက သူ၏အစ်ကိုအား မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးရမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာနိုင်ငံသို့ အလုပ်လုပ်ရန်အတွက် လှည့်ဖြားခေါ်ဆောင်သွားခဲ့ကြောင်း ပြောသည်ဟု Beijing News သတင်းဌာနက ဇူလိုင် ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ယခင်က အတူလုပ်ကိုင်ခဲ့ဖူးသော အလုပ်ရှင်တစ်ဦးက သူ၏ အစ်ကို Zhong”အား ဓာတ်ပုံရိုက်ရန်အတွက် ထိုင်းနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သူ၏အစ်ကိုသည် ဇွန်လ ၈ ရက်နေ့တွင် ကွမ်ကျိုးမှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ထွက်ခွာသွားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် သူသည် ညီမဖြစ်သူထံသို့ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ကာ သူ့အနေဖြင့် လိမ်လည်ခံရပြီး မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့သော်လည်း ၎င်းရောက်ရှိနေသည့်နေရာကို တိတိကျကျ မပြောခဲ့ကြောင်း ညီမဖြစ်သူက ပြောသည်ဟုသတင်းကဆိုသည်။ ညီမဖြစ်သူ က ဘန်ကောက်နှင့် ကွမ်ကျိုးရှိ ရဲတပ်ဖွဲ့များကို အမြန်ဆက်သွယ် အကြောင်းကြားခဲ့ပြီးနောက် အာဏာပိုင်များက အမှုကို စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြသည်။


အသက် ၂၃ နှစ်အရွယ် မော်ဒယ် Zhong ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဘန်ကောက်ရှိ တရုတ်သံရုံးက အတည်ပြုခဲ့သည်ဟု ဇူလိုင် ၄ ရက်တွင် The Naton သတင်းဌာနက ဖော်ပြသည်။ တရုတ် သံရုံးက ၎င်းတို့နိုင်ငံသားများအနေဖြင့် လွယ်ကူသော သို့မဟုတ် အလားအလာကောင်းသည့် အလုပ်ကမ်းလှမ်းမှုများကို လက်မခံရန်လည်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသားများအနေဖြင့် ပြည်ပတွင် ဝင်ငွေကောင်းသော အလုပ်များနှင့် ဆက်စပ်နေသည့် အန္တရာယ်များကိုလည်း သတိပေးထားသလို နိုင်ငံခြားသားများအနေဖြင့် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ရန် သက်ဆိုင်ရာ ခွင့်ပြုချက်များ လိုအပ်ကြောင်း သတိပေးထားသည်။ ဒုစရိုက်ဂိုဏ်ကွန်ရက်များသည် လူပေါင်းသိန်းနှင့်ချီ၍ အရှေ့တောင်အာရှဒေသအတွင်းရှိ လိမ်လည်သည့် လုပ်ငန်းများ လုပ်ကိုင်သည့် နေရာများသို့ လူကုန်ကူးခဲ့ကြရာတွင် ယင်းနေရာ အများစုမှာ ထိုင်းနှင့်မြန်မာ နယ်စပ်တစ်လျှောက်တွင် တည်ရှိကြောင်းနှင့် ထိုနေရာများတွင် လူကုန်ကူးခံရများကို တရားမဝင် အွန်လိုင်းလုပ်ငန်းများတွင် အတင်းအကြပ် ခိုင်းစေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ယခင်ကလည်း အသက် ၃၁ နှစ်အရွယ် တရုတ်သရုပ်ဆောင်တစ်ဦးသည် ထိုင်းနိုင်ငံတွင် ရုပ်ရှင်အလုပ်တစ်ခုအတွက် လိမ်လည်လှည့်ဖြားခံခဲ့ရပြီးနောက် ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုစခန်းတစ်ခုသို့ အလုပ်လုပ်ရန် ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး ၎င်းကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် တရုတ်နှင့် ထိုင်းနိုင်ငံတို့အကြား လိမ်လည်သည့်အဖွဲ့များကို စုံစမ်းတိုက်ဖျက်ရန် ဘန်ကောက်တွင် ပူးပေါင်းညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်ရန် သဘောတူညီထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *