မင်းသား Wang Xing ကို ပြန်ပေးဆွဲမှုနဲ့ ဆက်နွယ်နေတဲ့ တရုတ်နိုင်ငံသား ၁၀ ဦးကို ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေး

ဖေဖော်ဝါရီ ၁၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံမှာ ဆိုက်ဘာလိမ်လည်မှုစင်တာကမှကယ်တင်ခံခဲ့ရသည့်မင်းသား Wang Xing ကို ပြန်ပေးဆွဲမှုနှ၈့်ဆက်နွယ်နေသောတရုတ်နိုင်ငံသား ၁၀ ဦးကို ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ထိုင်းရဲများက AFP ကို ​​ပြောကြောင်း VN Express သတင်းကဖေဖော်ဝါရီ ၁၇ ရက်ကဖော်ပြသည်။ Xing Xing လို့ လူသိများသည့် Wang Xing သည် ​​ထိုင်းရုပ်ရှင်တစ်ခုတွင်ပါဝင်သရုပ်ဆောင်ရန် ယုံကြည်ပြီးနောက် ထိုင်းနိုင်ငံသို့ထွက်ခွာခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ၎င်းအားလုံခြုံစွာ မတွေ့ရှိမီ ထိုင်းနိုင်ငံမဲဆောက်အနီးတွင် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

လိမ်လည်မှုပေါင်းများ သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အသားကျနေပြီး မကြာခဏ လူကုန်ကူးခံရကာ လိမ်လည်ခံရသည့် နိုင်ငံခြားသား များကို ဝန်ထမ်းအဖြစ် ခိုင်းစေကာ လိမ်လည်မှုများမှာ ဒေါ်လာဘီလီယံနှင့်ချီ၍ တန်ဘိုးရှိသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

သံသယဖြစ်ဖွယ်အရှိခံရသူများသည် မြန်မာနိုင်ငံ မြဝတီမှာ လည်ပတ်နေသည့် ဂိုဏ်းတစ်ဖွဲ့မှဂိုဏ်းဝင်များဟု ယူဆရပြီး Wang အပါအဝင် တရုတ်နိုင်ငံသားများကို လိမ်လည်လှည့်ဖြားမှု၌ ပါဝင်ခဲ့သည်ဟုထိုင်းရဲတပ်ဖွဲ့၏ ဖေဖော်ဝအရီ ၁၄ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။ “ဒီအဖွဲ့ကို မနေ့က ညနေအစောပိုင်းမှာ (တရုတ်နိုင်ငံ)ကို ပြန်ပို့လိုက်ပါပြီ” ဟု ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ၎င်းတို့အားစောင့်ကြပ်လျှက် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ တရုတ်သို့ထွက်ခွာသွားခဲ့သည်ဟုသတင်းကဆိုပြီး၎င်းတို့ ၁၀ ဦးကို တရုတ်ရဲများက တရားစွဲနိုင်ရန် ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ထိုင်းရဲများကပြောကြားခဲ့သည်။ Wang ကို ဇန်နဝါရီလတွင် မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာတစ်ခုမှ ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ရုပ်ရှင်အစမ်းရိုက်ကူးရန် ကတိပေးခဲ့သည့်အတိုင်း ထိုင်းနိုင်ငံသို့ လှည့်ဖြားခေါ်ယူခြင်းခံရပြီး နယ်စပ်ဖြတ်ကျော်ကာ မြဝတီသို့ ခိုးသွင်းခံခဲ့ရခြင်းသာဖြစ်ကြောင်း Wang က ပြောသည်။ Wang အားကယ်ဆယ်ပြီးနောက် အဆိုပါ ဂိုဏ်းသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခြင်းမခံရမီ ကမ္ဘောဒီးယားနိုင်ငံသို့ ရွှေ့ပြောင်းရန် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ထိပ်တန်း ရဲအရာရှိ တစ်ဦးဖြစ်သူ Thatchai Pitaneelaboot ကထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သံသယရှိသူ ၁၀ ဦးသည် မန်နေဂျာ၊လုံခြုံရေးအစောင့်နှင့် လိမ်လည်လှည့်စားသည့် ခေါ်ဆိုမှုစင်တာများ၌အော်ပရေတာအဖြစ်အမျိုးမျိုးသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းရဲများသည် ၎င်းတို့ပိုင်ဆိုင်မှုများအား စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်ပြီး ခေါ်ဆိုရေးစင်တာ လိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက် နိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားများအကြား လုံခြုံရေးစိုးရိမ်မှုများကို လျော့ပါးစေရန်ကြိုးပမ်းနေသည့် ထိုင်းဝန်ကြီးချုပ်က၎င်းတွင်“တရုတ်သွေးပါ” ပြီး တရုတ်နိုင်ငံသားများ၏ ဘေးကင်းရေးအတွက် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခဲ့သည်ဟုဆိုပါသည်။

ထိုင်းနိုင်ငံတွင် ရုပ်ရှင်ရိုက်ရန် လိမ်လည်ပြီး မြန်မာနိုင်ငံသို့ လူကုန်ကူးခံရသည့် တရုတ်သရုပ်ဆောင်တစ်ဦး အမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကလည်း ပြောကြားသည်။ ထိုင်းနိုင်ငံသည် ခရီးသွားဧည့်သည်များအတွက်ထူးခြားဖြစ်စဥ်များကို သတင်းပို့ရန်နှင့် မက်ဆေ့ချ်များ၊ ဓာတ်ပုံများနှင့် တည်နေရာဒေတာများပေးပို့ခြင်းမှတစ်ဆင့် အကူအညီရယူရန်အတွက် “Thailand Tourist Police” အက်ပ်ကို စတင်လိုက်ပြီဖြစ်သည်ဟုသတင်းကဆက်လက်ဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *