ပုဂ္ဂိုလ်ဗဟိုပြုလက်နက်ကိုင်တပ်များ၏ နေဝင်ချိန်

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ

နိုင်ငံရေးသဘောတရားမဲ့သော တော်လှန်စစ်

————————————————–

ကျနော် ဒီဆောင်းပါးမှာ ပြတ်သားတဲ့မှတ်ချက်တခုကို ပေးပါမယ်။ဒီနွေဦးလက်နက်ကိုင်တော်လှန်ရေးမှာ တိုက်နေကြတဲ့ အဖွဲ့အစည်းအတော်များများဟာ နိုင်ငံရေးသဘောတရား တပ်ဆင်ထားခြင်းမရှိတဲ့ တိုက်ခိုက်ရေးတပ်တွေသက်သက်ပါပဲ။ နွေဦးတော်လှန်ရေးတပ်တွေရဲ့ (၉၀) ရာခိုင်နှုန်းလောက်ဟာ သဘောတရားအရ တိတိပပမရှိ၊ ခိုင်ခိုင်မာမာမရှိပါဘူး။သဘောတရားမရှိတဲ့အတွက် အတွေးအခေါ် အားပျော့ကြပါတယ်။ တကယ့်အကျပ်အတည်းမျိုးဆိုက်လာရင် ဗိုလ်နဂါးလက်နက်ချသလိုမျိုး လက်နက်ချကြမှာပါ။တကယ်တော့ သတင်းမထွက်တာပဲရှိတာပါ။ တယောက်စ နှစ်ယောက်စ လက်နက်ချသွားသူတွေက အများကြီးရှိနှင့်နေပြီးဖြစ်ပါတယ်။ NLD အမတ်တွေထဲကတောင် တောခိုပြီးကာမှ လက်နက်ချသွားပြီး ရန်သူကို သတင်းပေးားပါတယ်။

ဒီကနေ့ တော်လှန်စစ်ကြီးထဲမှာ အတွေးအခေါ်လက်နက်ကို မတပ်ဆင်ဘဲ မောင်းပြန်သေနတ်ကိုပဲ အဆောတလျင်တပ်ဆင်နေကြပါတယ်။သေနတ်မကိုင်ရရင် ပြန်ဆင်းမယ်၊ထွက်ပြီး တိုက်ရတဲ့နေရာကို သွားမယ်ဆိုတဲ့ အသံတွေ နားနဲ့မဆန့်အောင် ကြားဖူးပြီးပါပြီ။ ရုပ်ဝတ္တုလက်နက်က ပိုက်ဆံရှိရင် ဝယ်ပေးလို့ရပါတယ်။အခု ပိုက်ဆံပေးရင် အခု ရောင်းပေးမယ်ဆိုတဲ့ လက်နက်မှောင်ခိုပွဲစားတွေလို့ ပဲခူးအနောက်ခြမ်းမှာ စခန်းတွေ ဝင်စီးခံရတာမျိုးရှိခဲ့ဖူးပါတယ်။ သဘောတရားမခိုင်မာရင် ဘယ်သူနေနေ၊ ဘယ်အဖွဲ့နေနေ လက်နက်ချဖို့ သေချာသလောက်ပါပဲ။ နဂါးမို့လို့ ဂဠုန်မို့လို့ လက်နက်ချတာ၊ ငါတို့ အစိုးရအောက်က တပ်တွေတော့ အဲ့လိုမဟုတ်ဘူးလို့ ပြောလို့မရပါဘူး။အတွေးအခေါ်မရှိဘဲ ပုဂ္ဂိုလ်ရေးထူထောင်နေတဲ့သူတိုင်းဟာ ဖောက်ပြန်ဖို့ ဖြစ်နိုင်ခြေမျလည်း ခြေချင်းလိမ်နေတဲ့ လောကကြီးပါ။ဒါပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ပေးနိုင်တဲ့သူကတော့ ဒီတော်လှန်ရေးထဲမှာ လက်တဖက်ပြည့်အောင် ရေတွက်နိုင်ဖို့ အတော်ခက်ပါတယ်။ဒီထက်ပိုခက်တာက အတွေးအခေါ်တွေ၊ နိုင်ငံရေးတွေ မလိုပါဘူး၊စစ်သားက စစ်တိုက်ဖို့ပဲလိုတယ်ဆိုတဲ့ အသိခေါက်ခက် အဝင်နက်တဲ့ နလဗိန်းတုံးတွေ ပေါများနေတာဖြစ်ပါတယ်။

ပုဂ္ဂိုလ်ဗဟိုပြုလက်နက်ကိုင်တပ်များ၏ နေဝင်ချိန်
————————————————–

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အခြေပြုပြီး လှုပ်ရှားနေတဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် ( BNRA) ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးဟာ မနေ့က ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ မှာ မုံရွာက အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ လက်နက်ချသွားပါတယ်။ ဗိုလ်နဂါး ဘာကြောင့်လက်နက်ချရသလဲဆိုတာကို လူပေါင်းစုံ အဖွဲ့ပေါင်းစုံ မီဒီယာပေါင်းစုံက ပုံစံမျိုးစုံနဲ့ သုံးသပ်ဆွေးနွေးနေကြပါပြီ။တချို့က အံ့အားသင့်တာမျိုးရှိသလို တချို့က ဒေါသတကြီး ဆဲဆိုကြတဲ့အထိ ပေါက်ကွဲနေကြပါတယ်။ ကျနော့်အမြင်ကတော့ ဗိုလ်နဂါး လက်နက်ချတာ အံ့သြစရာကိစ္စတခုတော့မဟုတ်ပါဘူး။ဒီလိုပဲ ဒေါသထွက်စရာကိစ္စတခုလည်း ဟုတ်မနေပါဘူး။ဘာကြောင့်လဲဆိုရင် တော်လှန်ရေးအစကတည်းက ဗိုလ်နဂါးစပြီး နာမည်ကြီးလာစမှာပဲ တနေ့တချိန်မှာ သူ ဒီလမ်းအတိုင်း လျှောက်လိမ့်မယ်ဆိုတာ သိပြီးသားဖြစ်လို့ပါပဲ။ ကျနော်တို့အမြင်၊ကျနော်တို့ရဲ့ အတွေးအခေါ် အယူအဆအရ ဗိုလ်နဂါးလက်နက်ချရခြင်းဆိုတဲ့ကိစ္စရပ်အပြင် ဒီထက်မကပိုတဲ့ တော်လှန်ရေးပြဿနာတွေကို ခြုံငုံသုံးသပ်ပြီး ဒီကနေ့ဖြစ်ရပ်တွေထဲက သင်ခန်းစာထုတ်ယူဖို့ ယခုဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါတယ်။

တော်လှန်ရေးသမားလား၊ တော်လှန်ဆယ်လီမင်းသားလား
————————————————–

ဗိုလ်နဂါးဆိုတာ အစကတည်းက တော်လှန်ရေးသမားတယောက်မဟုတ်ခဲ့ပါဘူး။တော်လှန်ဆယ်လီမင်းသားတယောက်အဖြစ် အွန်လိုင်းပေါ်မှာ ပေါက်ခဲ့တဲ့သူပါ။ အခုခေတ် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးမှ တော်လှန်ရေးလုပ်လို့ရမယ်ဆိုတဲ့ အတွေးအခေါ်အမှားကို ကျနော်တို့ စပြီး သတိထားရပါလိမ့်မယ်။ဒီအတွေးအခေါ်ရဲ့အောက်မှာ တကယ့်တော်လှန်ရေးစစ်စစ်ကတော့ ကျရှုံးနေရပြီလို့ ပြောချင်ပါတယ်။ တော်လှန်ရေးသမားလို့ အမည်ခံပြီး Live လွှင့်တဲ့သူတွေ၊ပွဲရှာတဲ့သူတွေ၊မင်းသား မင်းသမီးလို ကျော့ကျော့မော့မော့နဲ့နေတဲ့သူတွေ၊ အလှမပျက် အဝမပျက် Effects ပေါင်း သောင်းခြောက်ထောင်နဲ့ ပုံတွေတင်နေတဲ့သူတွေ၊ပရိသတ်များအောင် စကားတွေတအားပြောပြီး လူပြိန်းကြိုက်လုပ်တဲ့သူတွေကို တော်လှန်ရေးဆယ်လီတွေလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။အဆိုပါ ဗိုလ်နဂါးဆိုသောသူဟာ အစကတည်းက ဒီလိုလူမျိုးပါ။

တခါက ကဗျာဆရာအောင်ချိမ့် ရေးဖူးပါတယ်။
“သူရဲကောင်းများ
စကားနှုတ်ဆိတ်
အလုပ်ကြိတ်လုပ်သွားခဲ့တယ်။
ငါဦးခိုက်ရှိခိုးမယ်။”တဲ့။ဟုတ်ပါတယ်။
အလုပ်လုပ်တာနည်းနည်း လူသိများအောင် ပြသတာကများများဆိုရင်တော့ သိပ်မူမမှန်တော့ဘူးလို့ ပြောချင်ပါတယ်။တော်လှန်ရေးကိစ္စဆိုတာ ခြေသံလုံလုံနဲ့ လုပ်ရတာမျိုးပါ။ အာဘောင်အာရင်း သန်သန်နဲ့လုပ်နေရင် တခုခုတော့ လွဲနေပြီလို့ ပြောရပါလိမ့်မယ်။

တော်လှန်ရေးသမား၊ခေါင်းဆောင်ပီသသူများ
———————————————

ဗမာပြည်တော်လှန်ရေးက ခုမှ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။လွတ်လပ်ရေးကြေညာပြီးစ ၁၉၄၈ ခုနှစ်ကတည်းက ပြည်တွင်းစစ် စတင်ခဲ့တာဖြစ်တယ်။ဗမာပြည်ကွန်မြူနစ်ပါတီဟာဆိုရင် တော်လှန်ရေးသက်တမ်းအရင့်ဆုံး နိုင်ငံရေးပါတီလို့ ပြောလို့ရတယ်။နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကိုပါ ထည့်တွက်ရင် နှစ်ပေါင်း (၈၀) ကျော် တော်လှန်ရေးဖြတ်သန်းမှုနဲ့ အတွေ့အကြုံရှိပြီလို့ ပြောရပါမယ်။ ဗကပပါတီ ခုထိ အဓွန့်ရှည်နေတာကို တချက်လောက် ရပ်ပြီး စဥ်းစားကြည့်ရအောင်။ဗကပမှာ ပေါ်ပြူလာဖြစ်ရေးသက်သက်လုပ်နေတဲ့ ခေါင်းဆောင်တွေမရှိလို့ပဲဖြစ်တယ်။နောက်တချက်က ဗကပယူဂျီလုပ်ငန်းရဲ့ အသက်ဖြစ်တဲ့ လျှို့ဝှက်ရေးနဲ့ လုံခြုံရေးကို မျက်လုံးအိမ်သဖွယ်စောင့်ရှောက်ရတယ်ဆိုတဲ့ မူဟာ ပေါ်ပြူလာဝါဒကို ဟန့်တားထားတယ်။စုပေါင်းခေါင်းဆောင်မှုစနစ်ကို အလေးပေးဖို့ ပါတီတွင်း ပညာပေးရေးတွေလုပ်တယ်။ဒါကြောင့် ဗကပဟာ လူပုဂ္ဂိုလ်အခြေပြု၊လူပုဂ္ဂိုလ်အစွဲပြု အယူအဆနဲ့လုပ်ဟန်တွေ ပေါ်ပေါက်ဖို့ တော်တော်ခက်ခဲတဲ့ ပါတီဖြစ်ပါတယ်။ နောက်ထပ်ပိုအရေးကြီးတာက ဗကပပါတီဝင်တွေမှာ လူထက် မူအပေါ် ပိုပြီး ဦးစားပေးကာ ပြတ်ပြတ်သားသား ရပ်တည်ကြပါတယ်။စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး မူဝါဒကို လက်ခံကျင့်သုံးတဲ့ပါတီလို့ ခံယူထားတဲ့အတွက် စစ်သုံးစစ်ကို ရန်သူလို့ သဘောထားပြီး ပြတ်ပြတ်သားသားတိုက်ကြရပါမယ်။ ဗကပပါတီနဲ့ လက်ဝဲနိုင်ငံရေးသမားအတော်များများက စစ်အုပ်စုကို ရန်သူလို့ပဲ သတ်မှတ်တယ်။မိတ်ဖက်လို့ လုံးဝ သဘောမထားပါဘူး။ရန်သူနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လက်ဆွဲနှုတ်ဆက်မေ့လျော့ပစ်ဖို့ ဘယ်တော့မှ မတောင်းဆိုခဲ့ပါဘူး။

ဗကပ ချီးမွမ်းခန်းဖွင့်နေတာမဟုတ်ပါဘူး။ဒါပေမယ့် ဒိကနေ့ တော်လှန်ရေးဟာ ၁၉၄၈-၁၉၈၈ အထိ ပဲခူးရိုးမနဲ့ အရှေ့မြောက်စစ်ဒေသမှာ တော်လှန်ခဲ့ကြတဲ့ ကေဒါဟောင်းကြီးတွေရဲ့ ​ခြေဖျားကို ကျနော်တို့ မမှီသေးဘူးဆိုတာ သက်သေခံနေပါတယ်။ ပဲခူးရိုးမမှာ ရန်သူ့ထိုးစစ်နဲ့ ဖြတ်လေးဖြတ်စီမံကိန်းကို ကြံ့ကြံ့ခံပြီး စစ်ခွင်ထဲမှာ တနေရာက တနေရာ ရွှေ့လျားချီတက်ပြီး တိုက်ပွဲဝင်ခဲ့ကြရတဲ့ ဗကပခေါင်းဆောင် သခင်ဇင်နဲ့ သခင်ချစ်တို့ကို ကျနော်တို့ နမူနာယူဖို့လိုပါတယ်။တော်လှန်တဲ့သူရဲကောင်းဝါဒနဲ့ ရန်သူ့လက်အောက် ဘယ်တော့မှ ဒူးမထောက်ခံဘူး။အစာရေစာ ငတ်မွတ်နေတဲ့ကြားက ထိုးစစ်ဆင်လာတဲ့ စစ်ဗိုလ်တွေနဲ့ အပေးအယူမလုပ်ခဲ့ဘူး။မြက်ပင်တွေရှိသေးသရွေ့ မြက်စားပြီး တော်လှန်ခဲ့တဲ့ သခင်ဇင်နဲ့ သခင်ချစ်ဟာ နောက်ဆုံးမှာ ရန်သူ့လက်ချက်နဲ့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရတယ်။ ရှင်စဥ်ကြီးမြတ်၊သေတော့ ဂုဏ်ပြောင်ဆိုတဲ့ တော်လှန်ရေးအတွေးအခေါ် ခိုင်ကျည်တည့်မတ်တဲ့ တော်လှန်ရေးသူရဲကောင်းတွေ၊ တော်လှန်ရေးခေါင်းဆောင်ကောင်းတွေရဲ့ ခြေအစုံက မြေတမှုန်ဖြစ်ဖို့ပဲ ကျနော်တို့ တောင်းဆိုပါတယ်။ တကယ့်သူရဲကောင်းတွေဟာ ထိုက်စန်းတောင်လို လေးတဲ့ သေခြင်းကို ရွေးခဲ့ပြီ။ ဗိုလ်နဂါးလို ကျောရိုးမခိုင်တဲ့သူတွေကတော့ ဌက်မွေးထက်ပိုပေါ့တဲ့ အသက်ရှင်ခြင်းနဲ့အတူ နာမည်သေ၊နိုင်ငံရေးသေ၊သမိုင်းလည်း သေခဲ့ရပါပြီ။

နိုင်ငံရေးသဘောတရားမဲ့သော တော်လှန်စစ်

ကျနော် ဒီဆောင်းပါးမှာ ပြတ်သားတဲ့မှတ်ချက်တခုကို ပေးပါမယ်။ဒီနွေဦးလက်နက်ကိုင်တော်လှန်ရေးမှာ တိုက်နေကြတဲ့ အဖွဲ့အစည်းအတော်များများဟာ နိုင်ငံရေးသဘောတရား တပ်ဆင်ထားခြင်းမရှိတဲ့ တိုက်ခိုက်ရေးတပ်တွေသက်သက်ပါပဲ။ နွေဦးတော်လှန်ရေးတပ်တွေရဲ့ (၉၀) ရာခိုင်နှုန်းလောက်ဟာ သဘောတရားအရ တိတိပပမရှိ၊ ခိုင်ခိုင်မာမာမရှိပါဘူး။သဘောတရားမရှိတဲ့အတွက် အတွေးအခေါ် အားပျော့ကြပါတယ်။ တကယ့်အကျပ်အတည်းမျိုးဆိုက်လာရင် ဗိုလ်နဂါးလက်နက်ချသလိုမျိုး လက်နက်ချကြမှာပါ။တကယ်တော့ သတင်းမထွက်တာပဲရှိတာပါ။ တယောက်စ နှစ်ယောက်စ လက်နက်ချသွားသူတွေက အများကြီးရှိနှင့်နေပြီးဖြစ်ပါတယ်။ NLD အမတ်တွေထဲကတောင် တောခိုပြီးကာမှ လက်နက်ချသွားပြီး ရန်သူကို သတင်းပေးားပါတယ်။

ဒီကနေ့ တော်လှန်စစ်ကြီးထဲမှာ အတွေးအခေါ်လက်နက်ကို မတပ်ဆင်ဘဲ မောင်းပြန်သေနတ်ကိုပဲ အဆောတလျင်တပ်ဆင်နေကြပါတယ်။သေနတ်မကိုင်ရရင် ပြန်ဆင်းမယ်၊ထွက်ပြီး တိုက်ရတဲ့နေရာကို သွားမယ်ဆိုတဲ့ အသံတွေ နားနဲ့မဆန့်အောင် ကြားဖူးပြီးပါပြီ။ ရုပ်ဝတ္တုလက်နက်က ပိုက်ဆံရှိရင် ဝယ်ပေးလို့ရပါတယ်။အခု ပိုက်ဆံပေးရင် အခု ရောင်းပေးမယ်ဆိုတဲ့ လက်နက်မှောင်ခိုပွဲစားတွေလို့ ပဲခူးအနောက်ခြမ်းမှာ စခန်းတွေ ဝင်စီးခံရတာမျိုးရှိခဲ့ဖူးပါတယ်။ သဘောတရားမခိုင်မာရင် ဘယ်သူနေနေ၊ ဘယ်အဖွဲ့နေနေ လက်နက်ချဖို့ သေချာသလောက်ပါပဲ။ နဂါးမို့လို့ ဂဠုန်မို့လို့ လက်နက်ချတာ၊ ငါတို့ အစိုးရအောက်က တပ်တွေတော့ အဲ့လိုမဟုတ်ဘူးလို့ ပြောလို့မရပါဘူး။အတွေးအခေါ်မရှိဘဲ ပုဂ္ဂိုလ်ရေးထူထောင်နေတဲ့သူတိုင်းဟာ ဖောက်ပြန်ဖို့ ဖြစ်နိုင်ခြေမျလည်း ခြေချင်းလိမ်နေတဲ့ လောကကြီးပါ။ဒါပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ပေးနိုင်တဲ့သူကတော့ ဒီတော်လှန်ရေးထဲမှာ လက်တဖက်ပြည့်အောင် ရေတွက်နိုင်ဖို့ အတော်ခက်ပါတယ်။ဒီထက်ပိုခက်တာက အတွေးအခေါ်တွေ၊ နိုင်ငံရေးတွေ မလိုပါဘူး၊စစ်သားက စစ်တိုက်ဖို့ပဲလိုတယ်ဆိုတဲ့ အသိခေါက်ခက် အဝင်နက်တဲ့ နလဗိန်းတုံးတွေ ပေါများနေတာဖြစ်ပါတယ်။

ရှေ့လာမယ့် တော်လှန်ရေးခရီး
———————————————-

ရှေ့ကို ပိုခက်ခဲတဲ့ အခြေအနေတွေနဲ့ပဲ ကြုံရတော့မှာပါ။ဘာလို့လဲဆိုတော့ အချိန်ကောင်းတွေ ကုန်ဆုံးသွားခဲ့လို့ပဲ ဖြစ်ပါတယ်။ အခွင့်အရေးကောင်းတွေကြုံရတဲ့အချိန်မှာ ဖိဖိစီးစီး စစ်မတိုက်ပဲ ပုဂ္ဂိုလ်ရေးနာမည်ကျော်ကြားမှုနောက်လိုက်နေတာ၊ သယံဇာတလုပ်ကွက်တွေကို သိမ်းပြီး သုံးဖြုန်းပျော်ပါးနေတာတွေကြောင့် အညာမြေပြန့်မှာ လူထုအတွက်လည်း ထိထိရောက်ရောက် မလုပ်ပေးနိုင်သလို တော်လှန်ရေးတပ်သားတွေရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေကိုလည်း မမြှင့်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတော့ ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးကြမ်းအတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါပြီ။နောက်မကျသေးဘူးလို့ ပြောလို့ရပါတယ်။”တော်လှန်ရေးသဘောတရားမရှိဘဲ တော်လှန်ရေးလှုပ်ရှားမှုကို လုပ်ဆောင်လို့မရဘူး”လို့ လီနင်က ပြောခဲ့ဖူးပါတယ်။ဒီစကားဟာ သိပ်ကိုမှန်နေတာကို ဒီကနေ့ သဘောတရားမရှိတဲ့ တပ်တွေကို ကြည့်ရင် သိနိုင်မယ်ထင်ပါတယ်။ သဘောတရားလက်နက်တပ်ဆင်ဖို့ သဘောတရားရေးသင်တန်းတွေ၊ ကေဒါသင်တန်းတွေ၊နိုင်ငံရေးခေါင်းဆောင်မှုသင်တန်းတွေ ဖွင့်လှစ်ရပါမယ်။ ပိုအဓိကကျတာက နိုင်ငံရေးသဘောတရားရှိမှသာ ရန်သူကို ရန်သူလို မြင်ပြီး၊ မိတ်ဖက်ပဋိပက္ခကိုလည်း မိတ်ဖက်ဆက်ဆံရေးနဲ့ပဲ ဖြေရှင်းနိုင်မှာပါ။ နိုင်ငံရေးသဘောတရားမရှိတဲ့အခါ လက်နက်ချတွေလည်း အများအပြားပေါ်ထွက်လာနိုင်သလို ဂိုဏ်းဂဏအစွဲနဲ့ ထစ်ခနဲရှိရင် တော်လှန်ရေးတပ်အချင်းချင်း ပစ်မယ် ခတ်မယ် သတ်မယ်ဖြတ်မယ်ဆိုတဲ့ တယူသန်အစွန်းရောက်အယူအဆတွေလည်း ထွန်းကားလာနိုင်ပါတယ်။

တော်လှန်ရေးကို ဖျက်ဆီးပစ်နိုင်တဲ့သူဟာ မင်းအောင်လှိုင်လည်း မဟုတ်ပါဘူး။အခြားပြင်ပက နိုင်ငံကြီးတွေလည်း မဟုတ်ပါဘူး။သူတို့ရဲ့ မဟာဗျုဟာတွေ တအားကောင်းလွန်းနေလို့လည်း မဟုတ်ပါဘူး။ ကိုယ့်ဖက်က သဘောတရားမသိ၊နိုင်ငံရေးမရှိလို့သာ ရန်သူ့ရဲ့ ထောင်ချောက်ထဲကို အကြိမ်ကြိမ် ဝင်မိလျက်သားဖြစ်နေရတာပါ။တော်လှန်ရေးကို တကယ်ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားဟာ တော်လှန်ရေးသမားတွေကိုယ်တိုင်ပဲဖြစ်တယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးဗဟိုပြုလက်နက်ကိုင်တပ်တွေ တခန်းရပ်သင့်ပြီဖြစ်တယ်လို့ ယူဆပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလို တပ်အမျိုးအစားတွေဟာ နေဝင်ချိန်ရောက်သွားပြီ၊ ကျရှုံးသွားပြီဖြစ်တယ်။အတွေးအခေါ်နဲ့ သဘောတရားကို ဗဟိုပြုတဲ့ အမျိုးအစားသစ် လက်နက်ကိုင်တပ်တွေရဲ့ အရုဏ်ဦးကိုပဲ မျှော်ရည်ပြီး တည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ကျော်ကိုကို
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၆
နွေဦးနှင်းဆီစာကြည့်တိုက်

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.