စစ်အာဏာရှင်၊ စစ်ဘုရင်၊ တရုတ်နှင့် သက်ဆင် မြန်မာ့ဒုစရိုက်မြို့တော်အတွက်တိုက်ပွဲ

ဖေဖော်ဝါရိ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနယ်စပ် မြဝတီမြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi အား ခွင့်ပြုလိုက်ပြီဖြစ်သည်။ သို့သော်လည်း STR (အရာရာကိုစွတ်ဖက်ခြင်း)ဟု လူသိများသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သည် မြဝတီမြို့ကို ထိန်းချုပ်ထားသော ကရင်ပြည်သူ့စစ်အဖွဲ့ (BGF) ကို ဖိအားပေးရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းကာပုန်းကွယ်နေသော လျှို့ဝှက်ကစားသမားအဖြစ် ပေါ်ထွက်လာခဲ့သည်။ Liu  Zhongyi သည် မြဝတီမြို့ရှိ call-centreငွေ လိမ်ဂိုဏ်းများကို နှိမ်နင်းရာတွင် အနီးကပ် ကြီးကြပ်နေသော်လည်း ၎င်း၏ လုပ်ရပ်များသည် နယ်စပ် တင်းမာမှုများကို ဖြစ်ပေါ်စေပါသည်။ Liu Zhongyi ဦးဆောင်သော “ဒုစရိုက်မြို့တော်မြဝတီ” ကိုရှင်းလင်းမှုသည် ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။

                     အချို့က ထိုင်းအစိုးရ၏ လုပ်ဆောင်ချက်ကို မေးခွန်းထုတ်ကြပြီး အချို့က တရုတ်သည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာသည်ဟု စောဒကတက်ကြသည်။ မြဝတီသည် ထိုင်းနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့အနီးတွင် တည်ရှိသည်။ မြဝတီမြို့ရှိ တရုတ်ရာဇ၀တ်ဂိုဏ်းများကို နှိမ်နင်းခြင်းသည် တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ပူးပေါင်းကြိုးပမ်းမှုဖြစ်ပြီး အာဆီယံအတွင်း ထူးခြားသော နိုင်ငံရေးလှုပ်ရှားမှုများဖြင့် ပုံဖော်ထားသည့် တရုတ်အစိုးရသည် ထင်ရှားသောဩဇာလွှမ်းမိုးမှုဖြစ်သည်။

Liu Zhongyi ၏ အောင်မြင်မှုသည် လူမသိသူမသိ သံခင်းတမန်ခင်းနှင့် ခွဲမရပေ။ သက်ဆင်နှင့် မင်းအောင်လှိုင်တို့ကဲ့သို့သော အဓိကပုဂ္ဂိုလ်များသည် စစ်အစိုးရ မဟာမိတ် BGF စစ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့်ငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးသည့် ဒီမိုကရေစီကရင်ပြည်သူ့အကျိုးပြုတိုးတက်သော တပ်မတော် (DKBA) အား ဖိအားပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံမှ လောင်စာဆီ ထောက်ပံ့မှု ရပ်ဆိုင်းခြင်းဖြင့် ဖိအားများ တိုးမြင့်လာချိန်တွင် ထိုင်းနိုင်ငံသည် လျှပ်စစ်၊ လောင်စာဆီနှင့် အင်တာနက် ဝန်ဆောင်မှုများကို ဖြတ်တောက်ကာ ဖြတ် (၃)ဖြတ်မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့သည်။

ထို့ကြောင့် စောချစ်သူသည် ကတုန်ကယင်ဖြင့်ငွေလိမ်ဂိုဏ်းများအား စတင်ဖြိုခွဲခဲ့ပြီး တရုတ်နိုင်ငံမှ လိမ်လည်လှည့်ဖြားသည့် လုပ်ငန်းများကို မြဝတီမြို့မှ ကရင်ပြည်နယ် မြို့တော် ဘားအံသို့ ပြောင်းရွှေ့ခဲ့သည်။

Liu Zhongyi သည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် တွေ့ဆုံကာ မြဝတီသို့ ဝင်ရောက်ရန် အတည်ပြုချက် ရယူခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် Liu သည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ ဖြတ်ကျော်ကာ ထွန်းထွန်းနောင်နှင့် မြန်မာရဲချုပ်တို့ တွေ့ဆုံကာ call-centre ဂိုဏ်းများကို နှိမ်နင်းရန် ဆွေးနွေးခဲ့သည်။

Liu သည် မြဝတီ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော လိမ်လည်လှည့်စားရာနေရာဖြစ်သော ရွှေကုက္ကိုမြို့ရှိ လူကုန်ကူးခံရသူများ စိစစ်ရေးစင်တာသို့ သွားရောက်ခဲ့ပြီးကယ်တင်ခံခဲ့ရသည့် တရုတ်နှင့် အခြားနိုင်ငံသား ၁၀၀၀ ကျော်ကိုရိပ်သာသို့သွားရောက်တွေ့ဆုံခဲ့သည်။ ရွှေကုက္ကိုတွင် Liu သည် နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး တင်ဝင်းနှင့် တွေ့ဆုံခဲ့သော်လည်း BGF ခေါင်းဆောင် စောချစ်သူနှင့် မတွေ့ဆုံခဲ့ပေ။ ထိုနေ့တွင်ပင် စောချစ်သူသည် တရုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း သို့မဟုတ် စကားပြောခြင်း မရှိသော်လည်း ထိုင်းကိုယ်စားလှယ်များမှတဆင့် တရုတ်သို့ စာတစ်စောင်ပေးပို့ခဲ့ကြောင်းကြေညာခဲ့သည်။

လွန်ခဲ့သည့်နှစ် ဧပြီလကမြဝတီရှိ အမှတ်(၂၇၅)ခြေလျှင်တပ်ရင်းသည် KNU ရှုံးနိမ့်ပြီးကတည်းက မြဝတီသည် ရန်သူများ ဝိုင်းရံထားသည့် နေပြည်တော်အတွက် “လူမရှိသောမြေ” ဖြစ်လာခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိအချို့ ကျန်ရှိနေသော်လည်း ၎င်းတို့မှာထိရောက်မှု မရှိပေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်ပြည်နယ်ရှိငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် တရုတ်နိုင်ငံ၏ တွန်းအားပေးမှုဖြင့် အခွင့်အလမ်းကို ဆုပ်ကိုင်ထားပြီး မြဝတီနှင့် အနီးပတ်ဝန်းကျင်ကို ထိန်းချုပ်ထားသည့် ၎င်း၏မဟာမိတ် စောချစ်သူအား ဖိအားပေးရန် ဆွေးနွေးပွဲများ စတင်ခဲ့သည်။ နောက်ဆုံးတွင် စောချစ်သူက ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။

မြဝတီမြို့တွင် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့ ရှိနေခြင်းသည် စစ်အစိုးရက မြို့ကို အပြည့်အဝ ပြန်လည်သိမ်းယူရန် ပြင်ဆင်နေကြောင်း ပြသနေသည်။ လူကုန်ကူးခံရသူများ စိစစ်ရေးဌာနတွင် စွမ်းဆောင်ရည်အပြည့်ဖြင့် ဆောင်ရွက်နေသော မြန်မာလုံခြုံရေး ဝန်ထမ်းများကို မြင်တွေ့ရခြင်းသည် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ရန် သိမ်မွေ့စွာ ကြိုးပမ်းမှု၏ ပထမခြေလှမ်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အထူးသဖြင့် မဲဆောက်-မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းကို ပုံမှန်အတိုင်း ပြန်လည်ထူထောင်လိုသည့် ဆန္ဒရှိကြောင်း ၀န်ကြီးချုပ်ဟောင်းသက်ဆင်၏သမီး လက်ရှိထိုင်းဝန်ကြီးချုပ် Paetongtarnအစိုးရက ထုတ်ဖော် ပြောကြားခဲ့သည်။ မြဝတီမြို့မှ မြန်မာ-အိန္ဒိယနယ်စပ်ရှိတမူးအထိ ကီလိုမီတာ ၁၅၀၀ ကွာဝေးသော အာရှလမ်းမကြီး ၁(AH-1) ကို KNU/KNLA တပ်ဖွဲ့များက တံတားတစ်စင်း ဖျက်ဆီးကာ စစ်အစိုးရတပ်များကိုပိတ်ဆို့ထားမှုကြောင့် တစ်နှစ်ကျော် ပိတ်ထားခဲ့ရသည်။ အဆိုပါ အဝေးပြေးလမ်းမကြီးသည် နိုင်ငံသုံးနိုင်ငံကို ဆက်သွယ်ပေးသည့် အရေးပါသော ကုန်သွယ်မှုလမ်းကြောင်းဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိသော နယ်စပ်ကုန်သွယ်ရေး ကို မီးမောင်းထိုးပြထားသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် KNU၊ BGF နှင့် DKBA တို့သည် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြသော်လည်း မြန်မာစစ်တပ်မှ မြဝတီဘက်သို့ ချီတက်မည့်လမ်းကြောင်းကို အသုံးပြုမည်ကို စိုးရိမ်သဖြင့် KNU မှ ငြင်းဆိုခဲ့သည်။

မြဝတီတွင် ငွေလိမ်ဂိုဏ်း ပြဿနာကို ဖြေရှင်းပြီးပါက ခြောက်သွေ့ရာသီတွင် မြန်မာစစ်တပ်နှင့် KNU အကြား ကြီးမားသော ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသူများက သတိပေးသည်။

အဲမောင်း
The Nation သတင်း

By admin

Leave a Reply

Your email address will not be published. Required fields are marked *