ဇန်နဝါရီ ၂၀၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ
ကိုကိုကြီးရဲ့ စကားကို ချေပဖို့ သူ့လုပ်ရပ်ကိုပဲ မေးခွန်းပြန်ထုတ်ရမှာပါ။ ပေါကားမရိုက်ဘူးဆိုတဲ့ ကိုကိုကြီးတို့လူစုရဲ့ လုပ်ရပ်ဟာ ပေါကားဆိုတဲ့ စကားလုံးထက် ပိုပြီး နိမ့်ကျနေပါတယ်။ပိုပြီး အပေါစားဆန်နေပါတယ်။စစ်အုပ်စုကို ခြေသလုံးဖက်တဲ့ လုပ်ရပ်ဟာ အဆင့်အတန်းမရှိတဲ့ နိုင်ငံရေးပါ။ စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့လူတွေကို အပြစ်ဖို့တဲ့စကားတွေ သူက ခဏခဏ ပြောလေ့ရှိပါတယ်။
လူထုက နိုင်ငံရေးကို တကယ်စိတ်မဝင်စားဘူးလား
————————————————–
လူထုက နိုင်ငံရေးကို စိတ်မဝင်စားဘဲ အပေါ်ယံဗန်းပြ အနစ်နာခံပြတဲ့ ဖက်ရှင်ဆန်ဆန်လုပ်ရပ်တွေကိုပဲ စိတ်ဝင်စားနေကြတယ်လို့ မြင်ပါသလား။ ပြည်သူ့ပါတီ ဦးကိုကိုကြီးကတော့ လူထုအကြိုက်လုပ်ပြတဲ့ နိုင်ငံရေးပေါကားတွေမရိုက်ဘူးလို့ ပြောလာပါတယ်။သူရည်ညွှန်းတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို စောင်းပါးရိပ်ခြေပုတ်ခတ်သလိုဖြစ်နေပြီး မီးပျက်ရင် ဖယောင်းတိုင်ထွန်းပြီးလုပ်ပြတာ ဝန်ကြီးချုပ်ကိုယ်တိုင် အမှိုက်သိမ်းပြတာ စတာတွေကို နိုင်ငံရေးပေါကားလို့ ဝေဖန်ထားပါတယ်။ နိုင်ငံရေးပေါကားလို့ ပြောတာနဲ့ နောက်ဆက်တွဲ လူထုဟာ ဘာနိုင်ငံရေးမှမရှိဘူး၊ခပ်ပိန်းပိန်း ခပ်ပေါပေါ အမျိုးအစားထဲကပဲလို့ သွယ်ဝိုက်ပြစ်တင်ဝေဖန်သွားသလို ဖြစ်နေပြီး လက်ရှိတော်လှန်ရေးထဲပါနေတဲ့ လူထုကိုလည်း ဥာဏ်ရည်နိမ့်နေတယ်လို့ စော်ကားလိုက်သလို ဖြစ်နေပါတယ်။ တကယ်တော့ ဗမာပြည်လူထုဟာ သူပြောသလောက်လည်း နုံချာနေတာမဟုတ်ပါဘူး။စစ်အာဏာရှင်ကို အသက်စွန့်ပြီး တိုက်နေတဲ့ တော်လှန်လူငယ်တွေ၊ ဘဝအပျက်ခံပြီး စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်လာတဲ့ CDM တွေဟာ နိုင်ငံရေးဂုရုကြီးတွေ မဟုတ်ပေမယ့် ပေါတောတော နုံတုံတုံ အတတလူတွေတော့ ဟုတ်မနေပါဘူး။ အဖြစ်မှန်က ဒီနိုင်ငံမှာ လူထုအများစုဟာ နိုင်ငံရေးနဲ့ ကင်းကွာနေကြတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတာကိုတော့ သိကြတဲ့သူတွေ ရှိပါသေးတယ်။
လူထုက ဘာကြောင့် နိုင်ငံရေးနဲ့ ဝေးနေရသလဲ
—————————————-
လူထုကို နိုင်ငံရေးစနစ် သို့ နိုင်ငံရေးဖြစ်စဥ်တွေထဲက ဖယ်ထုတ်ပြီး အဆက်အသွယ်ဖြတ်ထားလို့ လူထုဟာ နိုင်ငံရေးနဲ့ ဝေးကွာနေကြရတာပါ။ ဘယ်သူတွေက အဆက်အသွယ်ဖြတ်ထားတာလဲ။ရှင်းပါတယ်။အဓိက လက်သည်တရားခံက စစ်အုပ်စုပေါ့။ စစ်အုပ်စုက လူထုကို အကြောက်တရားနဲ့ စိုးမိုးအုပ်ချုပ်နေပါတယ်။နိုင်ငံရေးကိစ္စက သူတို့လူတစုရဲ့ကိစ္စလို့ ပုံဖော်ပြီး လူထုက သူတို့ကို နာခံဖို့၊ကြောက်ရွံ့ဖို့၊ရိုသေဖို့ကလွဲရင် အခြားဘာအသံမှမထွက်နိုင်အောင် ဖိနှိပ်ထားပါတယ်။ လူထုကို နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ မပါဝင်နိုင်အောင် နေရာတကာမှာ စစ်ဗိုလ်နဲ့ စစ်ဗိုလ်လူထွက်တွေကပဲ ကြီးစိုးထားတဲ့ နိုင်ငံရေးစနစ်ကို အသက်သွင်းပါတယ်။ဒါကြောင့် လူထုဟာ နိုင်ငံရေးအာဏာကင်းမဲ့ခြင်း ( political powerlessness) ဖြစ်လာပါတော့တယ်။ လူထုကို နိုင်ငံရေးအကြောင်း ဘာမှမသိအောင်၊ နိုင်ငံရေးမလေ့လာမလိုက်စားအောင်၊ နိုင်ငံရေးစနစ်ကို နားမလည်သဘောမပေါက်အောင် ပိတ်ပင်တားမြစ်ထားပြီး သူတို့ပြောစကားပဲ ယုံကြည်ရမယ်လို့ အတင်းအဓမ္မဖန်တီးထားပါတယ်။ဒါကြောင့် လူထုဟာ နိုင်ငံရေးအဓိပ္ပါယ်ကင်းမဲ့ခြင်း (political meaninglessness) ဖြစ်လာပါတယ်။ စစ်အုပ်စုလုပ်နေတဲ့ နိုင်ငံရေးဟာ တဘို့တည်းသမားနိုင်ငံရေး၊အကျင့်ပျက်ခြစားလုပ်ရပ်တွေ၊ အရှုပ်တော်ပုံ သောင်းခြောက်ထောင်နဲ့ ပြည့်နှက်နေပြီး တယောက်နဲ့တယောက်လည်း နောက်ကြော ဓားထိုးဖို့ ချောင်းမြောင်းနေတဲ့ သံသရာလည်နေပါတယ်။ဒါကြောင့် လူထုဟာ ကြာတော့ ခါးသီးစိတ်ပျက် အော့နှလုံးနာပြီး နိုင်ငံရေးကိုးစားမှုကင်းမဲ့ခြင်း ( political normlessness) လည်းဖြစ်လာကြပါတယ်။ နောက်ထပ်တခါ စစ်အုပ်စုက လူထုကို နိုင်ငံရေးထဲမပါအောင် တားမြစ်ပိတ်ပင်တဲ့ အမိန့်၊စည်းမျဥ်း၊အာဏာတွေနဲ့ လုံးဝ ချုပ်ကိုင်ထားတဲ့အတွက် လူထုဟာ နိုင်ငံရေးကို မလုပ်ရဲမကိုင်ရဲဘဲ နိုင်ငံရေးနဲ့ဝေးသထက်ဝေးပြီး နိုင်ငံရေးအထီးကျန်မှု ( political isolation) ဖြစ်ကာ စားဝတ်နေရေးနဲ့တင် လုံးထွေးတိုက်ပွဲဝင်နေကြရပါတော့တယ်။ တရားခံဟာ စစ်အုပ်စုဖြစ်တယ်လို့ ကျနော် ထပ်ပြောပါမယ်။ကျနော်တို့ နိုင်ငံရေးသမားတွေက ဒါကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေသုံးပြီး လူထုကို နိုင်ငံရေးနဲ့ ပိုနီးစပ်လာအောင် စည်းရုံးဟောပြောရမှာပါ။
အတုအယောင်ရွေးကောက်ပွဲဝင်တာ နိုင်ငံရေးအရ အဆင့်ရှိတဲ့လုပ်ရပ်လား
————————————————–
ကိုကိုကြီးရဲ့ စကားကို ချေပဖို့ သူ့လုပ်ရပ်ကိုပဲ မေးခွန်းပြန်ထုတ်ရမှာပါ။ ပေါကားမရိုက်ဘူးဆိုတဲ့ ကိုကိုကြီးတို့လူစုရဲ့ လုပ်ရပ်ဟာ ပေါကားဆိုတဲ့ စကားလုံးထက် ပိုပြီး နိမ့်ကျနေပါတယ်။ပိုပြီး အပေါစားဆန်နေပါတယ်။စစ်အုပ်စုကို ခြေသလုံးဖက်တဲ့ လုပ်ရပ်ဟာ အဆင့်အတန်းမရှိတဲ့ နိုင်ငံရေးပါ။ စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့လူတွေကို အပြစ်ဖို့တဲ့စကားတွေ သူက ခဏခဏ ပြောလေ့ရှိပါတယ်။

နိုင်ငံရေးအသိစိတ်လိုအပ်
—————————————
ကျနော်တို့ရဲ့ ဒီကနေ့ ပြဿနာက စစ်အုပ်စုကို ဆန့်ကျင်တဲ့လူတွေ မရှိတာမဟုတ်ဘူး။ရှိပါတယ်။ဒါပေမယ့် တော်လှန်ရေးမှာ ပါဝင်တဲ့သူတိုင်း နိုင်ငံရေးကို နားလည်တယ်လို့ ပြောလို့မရနေတာဖြစ်တယ်။ စိတ်ခံစားချက်သက်သက်နဲ့ အလိုအလျောက် တုန့်ပြန်တဲ့ လုပ်ရပ် ( simultaneous actions) က ခပ်များများပါ။စစ်အာဏာသိမ်းတာကို မကြိုက်လို့တော်လှန်တယ်၊ မင်းအောင်လှိုင်အုပ်ချုပ်တာကို မကြိုက်လို့ တော်လှန်တယ်၊စစ်တပ်က ရွာမီးရှို့ လို့ ပစ်-တ်လို့ မု-ိမ်းကျင့်လို့ ပြန်ခုခံတော်လှန်တယ်။ဒီလိုမျိုးနဲ့ တော်လှန်ရေးထဲဝင်လာတဲ့လူက ခပ်များများပါ။ နိုင်ငံရေးအသိစိတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဘက်ပေါင်းစုံက ဝေဖန်သုံးသပ်ပြီး လုံးဝကို ဖြိုချပစ်ရမယ့် စနစ်တခုလို့ နားလည်သဘောပေါက်ထားတဲ့လူက ခပ်ရှားရှားပါ။အမှန်တရားက နားခါးချင်ခါးလိမ့်မယ်။မယုံရင် ကိုယ့်ကိုယ့်ကို self- reflection ပြန်လုပ်ကြည့်နိုင်ပါတယ်။ စစ်အုပ်စုကို တကယ်ပဲ အကြွင်းမဲ့ ဖြိုချမှာလား။ နိုင်ငံရေးထဲက ထွက်သွားပြီး စစ်တန်းလျားပြန်တာနဲ့တင် ခွင့်လွှတ်ပေးလို့ရပြီလား။ဘယ်အဆင့်ထိ ကျနော်တို့သွားမှာလဲ။ TJ ( အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတရေး)ဘာညာ အရင်ကလောက် အသံသိပ်မကြားရတော့တာလည်း ကြာပြီ။စစ်အာဏာရှင်စနစ်ကို ဘယ်လောက်ရှင်းရှင်းလင်းလင်း မြင်ပြီလဲ။ရန်သူ့အပေါ် ဘယ်လောက်ပြတ်သားနိုင်ပြီလဲ။ဒီကိစ္စတွေက နိုင်ငံရေးအသိစိတ် ( political consciousness) နဲ့ အများကြီးဆိုင်ပါတယ်။ လူထုကို အလိုအလျောက်တုန့်ပြန်တဲ့အနေအထားကနေ အသိစိတ်ရှိရှိနဲ့ တော်လှန်တဲ့အနေအထားကို ရောက်အောင် လုပ်ယူရမှာက တော်လှန်ရေးသမား၊အထူးသဖြင့် နိုင်ငံရေးသမားတွေရဲ့တာဝန်ပါ။ ဒီတာဝန်ကို ကျနော်တို့ လုပ်နေပါတယ်၊ ကျနော်တို့ လုပ်နေဦးမှာပါ။ကိုကိုကြီးလို စစ်အုပ်စုပေးတဲ့ နိုင်ငံရေးအရိုးအရင်းကို ကိုက်ပြီးမှ လူထုကို နှိမ်ချစော်ကားတာဟာ လူထုကို မြှင့်တင်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ လူထု နာနေပြီ၊ လူထု မနစ်နာရအောင် စသဖြင့် သနားသလိုလို ငဲ့ညှာသလိုလိုပြောပြီး လက်ရှိတော်လှန်ရေးကို ဆွဲချနေတဲ့ ရွှေပြည်အေးသမားတွေကလည်း လူထုကို နိုင်ငံရေးအသိစိတ်မပေးဘဲ အသုံးချရုံသက်သက်ပဲ စဥ်းစားနေတာပါ။ အနှစ်ချုပ်ရရင် လူထုက မနုံချာပါဘူး။တော်လှန်ရေးအပေါ် တက်ကြွစွာပါဝင်နေပါတယ်။ဒါပေမယ့် အလိုအလျောက်တုန့်ပြန်မှု အရင်းခံတာများပြီး နိုင်ငံရေးအသိစိတ်အရ ပါဝင်တာနည်းပါတယ်။လူထုကို အတွေးအခေါ်လက်နက်တပ်ဆင်ဖို့က ခင်ဗျားတို့ ကျနော်တို့ ဘာဆက်လုပ်ကြမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။
ကျော်ကိုကို
၁၉ ဇန်နဝါရီ ၂၀၂၆