ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း

ဖေဖော်ဝါရီ ၁၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင် သူ့အတွေး)

ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း
—————————————————
ဒီနေ့ဟာ စစ်အာဏာသိမ်း ငါးနှစ်ပြည့်တဲ့နေ့ပါ။ ဒါပေမယ့် လိုင်းပေါ်မှာ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေထက် အညှီအဟောက်သတင်းတွေက ပိုပြီး ပြန့်နှံ့နေပါတယ်။ စစ်အာဏာရှင်စနစ်ကို ဝေဖန်ဆန့်ကျင်တဲ့ အင်အားစုတွေဘက်က ကြေညာချက်တွေ၊အရေးအသားတွေ၊ ဗွီဒီယို ကလစ်တွေ သိပ်ပြန့်နှံ့တာမတွေ့ရဘဲ စပွန်ဆာရှာတဲ့ ဖုဘလော့ဂါနဲ့ တည သိန်းတရာပေးနိုင်တဲ့ အခွန်ဦးစီးမှုးဆိုတဲ့ အလေဏတောပြဿနာက ပိုပြန့်နှံ့နေတာကို တွေ့ရပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းအရင်းကို ဆန်းစစ်အဖြေရှာကြည့်ရင် တွေ့ရမှာတွေက

(၁) ဒီလိုအချိန်မှာ အညှီအဟောက်သတင်းအသံဖိုင်တွေ လိုင်းပေါ်အချိန်ကိုက်တင်တာဟာ စစ်ထောက်လှမ်းရေးရဲ့ လက်ချက်ဖြစ်နိုင်တယ်။

(၂) ဗမာပြည်လူ့အဖွဲ့အစည်းမှာ အခွန်ဦးစီးမှုးတယောက်က လစာထက်မကတဲ့ ငွေကြေးပမာဏတွေကို သုံးပြီး မိန်းမတယောက်ကို ပေးကမ်းနေတာ စစ်အာဏာရှင်စနစ်ရဲ့ အကျင့်ပျက်ခြစားမှုတွေ အထွတ်အထိပ်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။

(၃) food blogger ဆိုတဲ့ အလုပ်အကိုင်ဟာ စျေးကွက်စီးပွားရေးစနစ်၊အရင်းရှင်စနစ် ပိုမိုချောမွတ်အောင်လည်ပတ်ရေးအတွက် စျေးကွက်ရှာဖွေပေးရတဲ့ ကြော်ငြာလုပ်ငန်းတမျိုးဖြစ်ပြီး စားသုံးသူဝါဒကို အရှိန်ကောင်းအောင် မီးထိုးပေးတဲ့လုပ်ဟန်တမျိုးဖြစ်တယ်။

(၄) မိမိကိုယ်ကို ထုတ်ဖော်ကြေညာရတဲ့ Personal branding လုပ်ရတဲ့ ဘလော့ဂါဆိုသူတွေဟာ လူအထင်ကြီးအောင် အကောင်းစားပစ္စည်းတွေသုံးပြပြီး အဆင်မြင့်တဲ့ လူနေမှုဟန်ပန်တွေ ( luxurious life style) ကို ဖော်ကျူးပြသကြရတယ်။ဒီအခြေအနေကို ပြသနိုင်ဖို့ ကြံမိကြံရာ စပွန်ဆာရှာတာတွေဖြစ်ကုန်ကြတာမျိုးတွေ ရှိမယ်။တချို့တလေလည်း ဖြစ်မယ်။အကုန်လုံးကို သိမ်းကြုံးမပြောပေမယ့် ဘဝကပေးတဲ့အသိအရာမှာတော့ သိပ်များများစားစား ကွာခြားသွားလိမ့်မယ် မထင်ဘူး။


(၅) လူတွေရဲ့ ပုဂ္ဂိုလ်ရေးလျှို့ဝှက်ကိစ္စတွေကို အပြန်အလှန်ဖွင့်ချကြတာဟာ အရမ်းကြောက်စရာကောင်းတယ်။မဆိုင်တဲ့သူတွေရော ဆိုင်တဲ့သူတွေပါ အများကြီးထိခိုက်တယ်။ဒီကိစ္စမှာ နှစ်ဦးနှစ်ဖက်စလုံးမှာ သားသမီးတွေ ကလေးငယ်တွေရှိတယ်။ကလေးတွေက အပြစ်မရှိဘဲ ထိခိုက်နစ်နာရတယ်။

(၆) ပြဿနာကို စဖြန့်တဲ့သူက ဘယ်သူလဲဆိုတာ မသိရသေးဘူး။ဒါပေမယ့် စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့နဲ့ အချိန်ကိုက် ကွက်တိထုတ်ပေးလိုက်တာကို ကြည့်ရင် စစ်ထောက်လှမ်းရေးအုပ်စုရဲ့ လက်ရာခြေရာကို အရိပ်အယောင်နဲ့ တွေ့မြင်နေရတယ်။ဒီလို အညှီသတင်းဆိုတာ သူတို့အကျွမ်းဆုံးအရာဖြစ်သလို ကြားဖြတ်ခိုးနားထောင်နိုင်တာလည်း သူတို့ပဲရှိတယ်။

(၇) ပို့စ်တွေရှယ်တဲ့သူ၊ Reaction ပြန်လုပ်တဲ့သူ၊ ငါးပွက်ရာ ငါးစာချတတ်တဲ့ ဆိုရှယ်မီဒီယာပေါ်က လူအုပ်ကြီးဟာ မျက်နှာပုံတွေကို ဖုံးအုပ်ပြီးတောင် မတင်တော့ဘဲ ပလိန်းကြီး တင်နေတာကို တွေ့ရတယ်။ပုဂ္ဂိုလ်ရေးအချက်အလက် ( privacy) ကို ထိန်းသိမ်းပေးရကောင်းမှန်းမသိတဲ့ လူ့အဖွဲ့အစည်းဟာ Genocide ကျုးလွန်လို့ မြန်မာနိုင်ငံတရားစွဲခံရတယ်ဆိုတာကို ဒေါသထွက် ပေါက်ကွဲနေခဲ့တဲ့ လူ့အဖွဲ့အစည်းပဲဖြစ်တယ်။

(၈) စစ်အာဏာသိမ်းငါးနှစ်ပြည့် လူထုနိုင်ငံရေး လှုံ့ဆော်မှုကို သတင်းဖုံးဖိထားဖို့ အညှီအဟောက်နဲ့ အာရုံလွှဲလိုက်တဲ့ စစ်အုပ်စု အောင်မြင်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာ စိတ်ဓာတ်အရရော ပညာဥာဏ်အရပါ ချွတ်ခြုံကျနေတဲ့ လူ့အဖွဲ့အစည်းတခုက ရှိနှင့်နေပြီးသားဖြစ်လို့ပါပဲ။

ကျော်ကိုကို
၁ ဖေဖော်ဝါရီလ ၂၀၂၆

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.