တော်လှန်စစ်နဲ့ သုံ့ပန်းအရေး

ဇန်နဝါရီ ၂၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင်သူ့အတွေး)

ဖမ်းမိတဲ့လူကို စစ်ကြောရေးလုပ်တဲ့နေရာမှာ မဆီမဆိုင်မေးခွန်းတွေမေးတာကို တွေ့ရတာ အဆင်မပြေပါဘူး။သီတာယုမွန်ယောကျ်ားကို မေးတဲ့နေရာမှာ “ခင်ဗျား သမီး ချောလား”ဆိုတဲ့ မေးခွန်းမျိုးကို ကြားလိုက်ရပါတယ်။ဒါမျိုး မေးခွန်းဟာ တော်လှန်ရေးနဲ့ လားလားမှမဆိုင်သလို မိမိတို့ဘက်က နိုင်ငံရေးသိက္ခာကိုလည်း အတိုင်းအတာတခုထိ ထိခိုက်စေပါတယ်။ ရန်သူဘက်က ကျနော်တို့ကို ပြန်ထိုးနှက်လာနိုင်တဲ့လုပ်ရပ်ဖြစ်သလို PDF ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမ္မာန်ပေါ်မှာ ဖိနပ်ကြိုးချည်တဲ့ ကျော်စိုးဦးတို့အဆင့်မျိုးကို ရောက်ရှိသွားတဲ့သဘောဖြစ်နေပါတယ်။ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ပုခုံးဖက်ပြီး ညီအကိုလို ဆက်ဆံတာမျိုး ဗွီဒီယိုဖိုင်တွေ တက်လာတာကို တွေ့ပါတယ်။ဒါဟာလည်း မိမိတို့ဘက်က သဘောထားကြီးကြောင်း အပြသက်သက်ဖြစ်ပေမယ့် မလိုအပ်ပါဘူးလို့ ယူဆပါတယ်။ဖမ်းမိတဲ့သူတွေကို ထွက်မပြေးနိုင်အောင် ချက်ချင်းနေရာရွှေ့ပြီး လုံခြုံတဲ့နေရာရောက်မှ စစ်ဆေးမေးမြန်းပြီး လိုအပ်ရင် ဆေးကုသမှုပေးတာမျိုး၊ ရန်သူရဲ့ မကောင်းမှုတွေ အမှားအယွင်းတွေကို ဖော်ထုတ်ပြောဆိုတဲ့ ဗွီဒီယိုမျိုးတွေ ပြန်တင်တာမျိုးပဲ လုပ်သင့်ပါတယ်။

တော်လှန်စစ်နဲ့ သုံ့ပန်းအရေး
——————————————

ကျောက်ခေတ်မှာ
ကျောက်တုံးတွေဟာလက်နက်ပဲ
ငါတို့ခေတ်မှာ
မေတ္တာတရားကိုလက်နက်လို
အသုံးချရမယ်

ပိုင်
မွန်ဂို ၁၀၀ မှ

တော်လှန်စစ်ကို တိုက်တဲ့အခါ အရေးအကြီးဆုံး ကိစ္စက သုံ့ပန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းကြမလဲဆိုတာလည်း ထိပ်ဆုံးကပါတယ်။ ဟိုတလောက မယ်စဲ့အချုပ်ကနေ စစ်ကောင်စီတပ်သားသုံ့ပန်းတွေ အများကြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကြားရတယ်။ ထောင်ဖောက်မှုမဖြစ်ခင် မြင်းခြံ PDF က ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ ယောကျ်ားကို ဖမ်းမိတဲ့ သတင်းတက်လာတာကိုလည်း တွေ့တယ်။သီတာယုမွန်ယောကျ်ားကို တချက်မှမရိုက်နှက်လို့ မကျေနပ်သူတွေလည်းရှိသလို ဘော်ဒါပေါင်းပေါင်းပြီး ဟေးလေးဟားလားတွေ အတူတူပြောလို့ ဝေဖန်နေကြသူတွေလည်း ရှိတယ်။ ကျနော် အရင်တခါကလည်း စစ်ကောင်စီတပ်သား သုံ့ပန်းတွေကို မဂ်လာဆောင်ပွဲလုပ်ပေးတာတို့၊ အားလပ်ချိန် ကခုန်နေတဲ့ ဓာတ်ပုံတွေတင်တာတို့ကို ဝေဖန်ဖူးတယ်။ ဒီတခေါက်တော့ ပိုပြီး တိတိကျကျ ဝေဖန်သုံးသပ်ဖို့ ဒီစာကို ရေးပါတယ်။


ကျနော်တို့ဘက်က သုံ့ပန်းပေါ်လစီ
—————————————————-

ကျနော်တို့ တော်လှန်ရေးဆိုတာ အဟောင်းကို ဖြိုပြီး အသစ်ကို တည်ဆောက်ချင်လို့ လုပ်တာဖြစ်တယ်။ကျနော်တို့ အယူအဆ(သီအိုရီ)နဲ့ လုပ်ရပ် (လက်တွေ့)ပေါင်းစပ်ပြီး ပြောရရင် ရန်သူ့ဘက်က လူကို ကိုယ့်ဘက်ပါလာအောင်လုပ်ဖို့ ရည်မှန်းချက်ရှိရမယ်။ ရန်သူ့ဘက်ကလူတွေ လုံးဝပြုပြင်ပြောင်းလဲလို့မရတော့ဘူး အပြီးတိုင် ပျက်ဆီးဆုံးရှုံးသွားပြီလို့ တရားသေယူဆရင် အမှားတရပ်ကျူးလွန်တာပဲ။သေချာပေါက် ပြုပြင်ပြောင်းလဲသွားမှာမို့လို့ ချော့မြူနေရမယ်ဆိုရင်လည်း မှားပါတယ်။ ပြုပြင်လို့ရတဲ့အဆင့်၊ ပြုပြင်လို့ရတဲ့လူဆိုတာရှိသလို လုံးဝပြင်ဆင်လို့မရတော့တဲ့ အတွင်းထဲအထိ ပုပ်သိုးနေတဲ့လူမျိုးလည်းရှိတယ်။ ဆိုတော့ ကျနော်တို့ ပထမဆုံးစလုပ်ရမယ့်အဆင့်က ပညာပေးတဲ့အဆင့်လုပ်ရမှာပါ။သတ်ပစ်လိုက်ရမှာမဟုတ်ပါဘူး။ ဖမ်းမိတဲ့သုံ့ပန်း၊လက်နက်ချတဲ့သူကို သတ်ပစ်တယ်ဆိုတာ စစ်ရာဇဝတ်မှုမြောက်သလို နိုင်ငံရေးအရ အမြတ်မထုတ်တတ်တဲ့ အကင်းမပါးမှု၊ ညံ့ဖျင်းမှုလည်း ဖြစ်ပါတယ်။ ဖမ်းမိတဲ့သူ လက်နက်ချတဲ့သူတွေကို လူ့အခွင့်အရေးအပြည့်အဝပေးဖို့လိုတယ်ဆိုတဲ့အယူအဆကလည်း မီးကျိုးမောင်းပျက်ဒဿနတခုဖြစ်ပါတယ်။ဖမ်းမိတဲ့သူ လက်နက်ချတဲ့သူကို လူသားချင်းစာနာရမယ်၊လူ့ဂုဏ်သိက္ခာနဲ့အညီဆက်ဆံရမယ်၊ဒါပေမယ့် လွတ်လပ်တဲ့လူတယောက်လို သူလိုချင်တာမှန်သမျှ အကုန်လိုက်လျောလို့မရဘူး။အခြေခံလိုအပ်ချက် စားဝတ်နေရေးကို တဖက်မှာပေးပြီး သူ့ရဲ့ အပြစ်တွေကို တဖက်က စစ်ဆေးမေးမြန်းတာ၊ ပြစ်ဒဏ်ပေးတာတွေကို ​ကြပ်ကြပ်မတ်မတ်လုပ်ကြရပါမယ်။ ဖမ်းမိတဲ့သူတွေကို လက်လွတ်စပယ် သတ်ဖြတ်ပစ်တာကို လုံးဝလက်မခံပါဘူး။ကလဲ့စားချေတာ၊လူမဆန်စွာ နှိပ်စက်တာတွေကို လုံးဝလက်မခံပါဘူး။ဒါပေမယ့် လုံခြုံရေးအခြေအနေအရ အကျဥ်းသားလိုပဲ ဆက်ဆံရမှပါ။

စစ်သုံ့ပန်းတွေကို လုံခြုံရေးတင်းကြပ်စွာ ထိန်းသိမ်းထားတဲ့ စခန်းတွေရှိဖို့လိုပါတယ်။ဆိုလိုတာက လူတိုင်း ဥဒဟိုဝင်ထွက်သွားလာလို့ရတဲ့နေရာဟာ ထောင်လို့ မခေါ်ပါဘူး။ လူမြင်ကွင်းမှာ မြင်သာထင်သာရှိနေတဲ့နေရာကလည်း ထောင်မဟုတ်ပါဘူး။ဖမ်းမိထားတဲ့သူကို ဘယ်သူမှမသိတဲ့နေရာမှာပဲ ဖမ်းထားပြီး တာဝန်ရှိသူမှအပ သွားလာဝင်ထွက်ခွင့်ကို စီစစ်ပြီးမှ ခွင့်ပြုရမှာပါ။ စစ်သုံ့ပန်းဆိုတာ အရေးကြီးတဲ့ သက်သေတွေဖြစ်တယ်။နောင်တချိန် စစ်ခေါင်းဆောင်တွေကို ပြည်သူက ခုံရုံးဖွဲ့ပြီး တရားစီရင်တဲ့နေရာမှာ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုသက်သေခံချက်တွေက အရေးပါလာလိမ့်မယ်။ စစ်သုံ့ပန်းတွေကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးသင့်မပေးသင့်ဆိုတာလည်း သေချာဆုံးဖြတ်ရမယ်။တိုက်ရိုက်ဆက်သွယ်ခွင့်မပေးဘဲ ကြားကနေ သေချာစိစစ်ပြီး တာဝန်ရှိတဲ့သူက အဆက်အသွယ်လုပ်ပေးတာမျိုးပဲ ဖြစ်သင့်တယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊စာဖတ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ပိုင်ခွင့်တွေ အကုန်ပေးရပေမယ့် အကျဥ်းသားတယောက်ဖြစ်တဲ့အတွက် လွတ်လပ်ခွင့်ကတော့ အကန့်အသတ်နဲ့ပဲရှိရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ တော်လှန်စစ်ကို တိုက်နေရဆဲကာလဖြစ်လို့ပါပဲ။ကျနော်တို့ဘက်က မနိုင်သေးဘူးဆိုတာ အမြဲတမ်း ဆင်ခြင်သတိနဲ့ နှလုံးသွင်းရပါလိမ့်မယ်။ စစ်သုံ့ပန်းတွေကို နိုင်ငံရေးပညာပေးတာကို တဖက်မှာလုပ်ပြီး လူသစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲပစ်ရမှာဖြစ်သလို သူတို့လုပ်ခဲ့တဲ့ ရာဇဝတ်မှုအလိုက် စစ်ဆေးမေးမြန်းပြီး ပြစ်ဒဏ်အသီးသီး ချမှတ်စီရင်ရပါလိမ့်မယ်။အထူးသတိထားချင်တာက ဒီကာလမှာ သေဒဏ်ပေးတာကို မလုပ်သင့်ဘူးလို့မြင်တယ်။

တော်လှန်ရေးဆန်တဲ့ အပြောအဆိုအပြုအမူများ
————————————————————————

ဖမ်းမိတဲ့လူကို စစ်ကြောရေးလုပ်တဲ့နေရာမှာ မဆီမဆိုင်မေးခွန်းတွေမေးတာကို တွေ့ရတာ အဆင်မပြေပါဘူး။သီတာယုမွန်ယောကျ်ားကို မေးတဲ့နေရာမှာ “ခင်ဗျား သမီး ချောလား”ဆိုတဲ့ မေးခွန်းမျိုးကို ကြားလိုက်ရပါတယ်။ဒါမျိုး မေးခွန်းဟာ တော်လှန်ရေးနဲ့ လားလားမှမဆိုင်သလို မိမိတို့ဘက်က နိုင်ငံရေးသိက္ခာကိုလည်း အတိုင်းအတာတခုထိ ထိခိုက်စေပါတယ်။ ရန်သူဘက်က ကျနော်တို့ကို ပြန်ထိုးနှက်လာနိုင်တဲ့လုပ်ရပ်ဖြစ်သလို PDF ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမ္မာန်ပေါ်မှာ ဖိနပ်ကြိုးချည်တဲ့ ကျော်စိုးဦးတို့အဆင့်မျိုးကို ရောက်ရှိသွားတဲ့သဘောဖြစ်နေပါတယ်။ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ပုခုံးဖက်ပြီး ညီအကိုလို ဆက်ဆံတာမျိုး ဗွီဒီယိုဖိုင်တွေ တက်လာတာကို တွေ့ပါတယ်။ဒါဟာလည်း မိမိတို့ဘက်က သဘောထားကြီးကြောင်း အပြသက်သက်ဖြစ်ပေမယ့် မလိုအပ်ပါဘူးလို့ ယူဆပါတယ်။ဖမ်းမိတဲ့သူတွေကို ထွက်မပြေးနိုင်အောင် ချက်ချင်းနေရာရွှေ့ပြီး လုံခြုံတဲ့နေရာရောက်မှ စစ်ဆေးမေးမြန်းပြီး လိုအပ်ရင် ဆေးကုသမှုပေးတာမျိုး၊ ရန်သူရဲ့ မကောင်းမှုတွေ အမှားအယွင်းတွေကို ဖော်ထုတ်ပြောဆိုတဲ့ ဗွီဒီယိုမျိုးတွေ ပြန်တင်တာမျိုးပဲ လုပ်သင့်ပါတယ်။

စစ်သုံ့ပန်းတွေကို တော်လှန်ရေးတာဝန် ပေးအပ်ခြင်း
———————————————————————-

မယ်စဲ့ထောင်ဖောက်တဲ့ကိစ္စမှာ ရဲဘက်က ဖမ်းမိလာတဲ့ သုံ့ပန်းနှစ်ယောက်ကို ထောင်စောင့်တာဝန်ပြန်ပေးထားရာက အစပြုခဲ့တယ်လို့ ပြောလို့ရပါတယ်။ စစ်သုံ့ပန်းတွေကို တော်လှန်ရေးတာဝန် ချက်ချင်းပေးလို့မရပါဘူး။ဒါဟာ ပေါ့ပေါ့ဆဆ လုပ်ရမယ့်ကိစ္စမဟုတ်တဲ့အတွက် သေချာအောင် ပြုပြင်ယူရပါမယ်။ စစ်တပ်ရဲ့အမိန့်နာခံမှုစနစ်အောက်ကလာတဲ့သူ တွေကို အစွဲချွတ်ဖို့နဲ့ ပြည်သူလူထုအကျိုးစီးပွားကို တကယ်နားလည်သဘောပေါက်ပြီး ထမ်းဆောင်ဖို့ ပညာပေးစည်းရုံးရေးကို အဆင့်ဆင့်လုပ်ယူရပါမယ်။ ကြေးစားတပ်ကလာတဲ့သူကို အရှင်မွေး နေ့ချင်းကြီးသလို အတွင်းစည်းထဲ ကောက်ခါငင်ခါ ထည့်ပစ်လိုက်တဲ့အမှားကို အားလုံးခံစားရပါပြီ။ ကျနော် ဝေဖန်သုံးသပ်ပြတာဟာ လက်နက်ချ စစ်သုံ့ပန်းတွေကို မုန်းရမယ်လို့ ပြောတာမဟုတ်ပါ။သူတို့အားလုံးကို စိတ်မချရဘူးလို့ ဝါးလုံးရှည်နဲ့ ရမ်းနေတာလည်း မဟုတ်ပါ။ ရန်သူ့စစ်တပ်က နှစ်ရှည်လများ လေ့ကျင့်သင်ကြားပေးလိုက်လို့ အတွင်းထဲအထိ လှိုက်စားနေတဲ့ စိတ်ဓာတ်ကို နေ့ချင်းညချင်း ပြုပြင်ပြောင်းလဲဖို့ မလွယ်ဘူးလို့ ပြောချင်တာပါ။ စစ်သုံ့ပန်းတွေကို နေရာပေးမယ်ဆိုရင်တောင် လက်နက်မကိုင်ရတဲ့ တာဝန်မျိုးပဲ ပေးသင့်ပါတယ်။ဘာလို့လဲဆိုတော့ သေနတ်ကိုင်တတ်တဲ့သူတွေဖြစ်ကြလို့ပါပဲ။သူတို့ သေနတ်ကိုင်လာတာ ဒီတော်လှန်ရေးထက်ပိုကြာကောင်း ကြာလိမ့်မယ်။ကျွမ်းကျင်မှုပိုရှိချင် ရှိနေလိမ့်မယ်။ဒီအချက်က ကျနော်တို့ရဲ့ အားနည်းချက်ဖြစ်ပြီး သူတို့ရဲ့ အားသာချက်ဖြစ်နေလို့ စစ်သုံ့ပန်းလက်ထဲ သေနတ်အပ်တာဟာ စိန်ခေါ်မှုကြီးမားပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌဟောင်း သခင်သန်းထွန်းကို လုပ်ကြံသတ်ဖြတ်သူ ကျုံတိတ် (ခေါ်) လုံတိတ် (ခေါ်) မြကြီးဆိုတာ ရန်သူ့စစ်တပ်က ပါတီကို ကူးပြောင်းလာတဲ့သူ တယောက်ဖြစ်သလို လက်ဖြောင့်တပ်သားအဆင့်ရှိသူတယောက်ဖြစ်ပါတယ်။သူ့ကို အရေးကြီးတဲ့ ပါတီဗဟိုကင်းလုံခြုံရေးမှာ တာဝန်ခန့်ခွဲပေးခဲ့တဲ့အတွက် အခွင့်အရေးရတုန်းရခိုက် ဥက္ကဌကို လုပ်ကြံသွားနိုင်ခဲ့တာဖြစ်တယ်။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ အနီးကပ်လုပ်ကြံသတ်ဖြတ်ဖို့ အသွင်ယူတာမျိုးတွေ၊ ယုံကြည်အောင် ရေရှည်မြုပ်နှံတာမျိုးတွေ ပြည့်နှက်လို့နေပါတယ်။သံသယများများထားတာမကောင်းပေမယ့်လို့ ပေါ့ပေါ့တန်တန် စဥ်းစားလို့လည်း ကောင်းတဲ့အရာမဟုတ်ပါဘူး။ တော်လှန်စစ်၊ရေရှည်စစ်အတွင်းမှာ စည်းကမ်းစနစ်ကျတဲ့ သုံ့ပန်းမူဝါဒနဲ့ ကိုင်တွယ်ဖို့ နည်းပရိယာယ်လမ်းစဥ် သေသေချာချာ ချမှတ်ကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်ခင်ဗျာ။

ကျော်ကိုကို
ဇန်နဝါရီ ၂၆၊ ၂၀၂၆

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.