ဖေဖော်ဝါရီလ(၃)ရက်၊၂၀၂၅ ခုနှစ်။
အရေးပေါ်သတင်းအဖြစ် ထုတ်ပြန်ခြင်း
[Breaking News]
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ ထောင်တွင်းဆန္ဒပြမှုအပြီး တိုက်ပိတ်ခံရသူ ၁၅ ဦး ရှိတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဆီက သိရှိရပါတယ်။ မော်လိုက်အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသူ ၂၀၀ ဝန်းကျင်ဟာ “သွေးသစ္စာ” သီချင်းကို သံပြိုင်သီဆိုပြီး အချက် ၃ ချက်ကို မနေ့ကတောင်းဆိုခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က သတင်းထုတ်ပြန်ထားပါတယ်။ တောင်းဆိုချက်တွေကဘာလဲ … ဒီသတင်းအပြည့်အစုံနဲ့အတူ ဖေဖော်ဝါရီ ၂ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cy8yzyxd730t ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
” ဖေဖော်ဝါရီလ(၁)ရက်၊၂၀၂၆ ခုနှစ်ရက်နေ့သည်
စစ်တပ်အာဏာသိမ်း(၅)နှစ်ပြည့်ဖြစ်သည့်အတွက် ကလေးမြို့, မော်လိုက်-ကလေး အကျဥ်းထောင်မှ အကျဥ်းသူ၂၀၀ ဝန်းကျင်သည် သွေးသစ္စာ သီချင်းကို သံပြိုင်သီဆိုပြီး
*၁။ အမှုကြီး၉မှု ပယ်ကာဖျက်သိမ်းရေး။
*၂။ အကျဥ်းသား/အကျဥ်းသူ တန်းတူအချိုးရရှိရေး။
၃။ အာဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး။
စသည့်အချက်၃ချက်ကို ငြိမ်းချမ်းစွာဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။ အကျဥ်းသား/အကျဥ်းသူတွေအတွက် တောင်းဆိုထားတဲ့ *၁အချက်နဲ့ *၂အချက်ကို မြန်မာနှစ်ဆန်း၁ရက်နေ့နောက်ဆုံးထားပြီး သဘောတူပေးပါရန်နှင့် မပေးပါက နှစ်ဆန်း၂ရက်နေ့သည် တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွင်းသပိတ်နေ့ အဖြစ် ကြေငြာလိုက်ပါသည်။ ” စသည့်တောင်းဆိုချက်များကို ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံတကာရှိအစိုးရများနှင့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူများ၏ အသက်အန္တရာယ် လုံခြုံရေး၊ ညှင်းပန်းနှိပ်စက်ခံရမှုများ ပပျောက် စေရေးနှင့် အလျင်အမြန်လွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်တပ်အား ဖိအားပေးဆန့်ကျင် ကန့်ကွက်ရုံမျှနှင့် မလုံလောက်ဘဲ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးနှင့်ချိတ်ဆက်၍ အကျိုးထိရောက်မှုရှိသည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ကျွန်ုပ်တို့က အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်သည်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ