အာဏာရှင် နဲ့ လူထုအောင်ပွဲ (တူနီးရှား)

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ

 

လွတ်မြောက်ရာ

စျေးဝယ်သူ၊ရောင်းသူတွေနဲ့ စည်ကားနေတဲ့လမ်းမထက်တနေရာမှာ လူတယောက်ရဲ့မထင်မှတ်တဲ့ အပြုအမူကြောင့် လူတွေရဲ့အာရုံကသူ့ဆီစုသွားပါတယ်။ အဲဒီလူက လက်ထဲမှာကိုင်ထားတဲ့ ပုံးထဲကအရည်တွေကို ခန္ဓာကိုယ်ပေါ်လောင်းချလိုက်ချိန်မှာ လမ်းမထက်ကလူတွေကသူ့အနားဝိုင်းအုံသွားပါတယ်။ ပြီးတော့ မီးခြစ်ကို ခြစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုတို့လိုက်တဲ့နောက် မီးတောက်တွေကခန္ဓာကိုယ်တခုလုံးတောက်လောင်သွားပါတယ်။ အဲဒီ ကိုယ့်ကိုကိုယ် မီးရိူ့လိုက်သူက ဘွဲ့ရရှိထားပြီး လမ်းဘေးမှာ သစ်သီးရောင်းနေတဲ့ အသက်၂၆နှစ်အရွယ် မိုဟာမက်ဘူဇီဇီပါ။ ၂၀၁၀ဒီဇင်ဘာ ၁၇ရက်ကတူနီးရှားနိုင်ငံရဲ့ မြို့တမြို့ရဲ့ လူစည်ကားရာလမ်းမထက်မှာ သူ့ကိုယ်သူမီးရိူ့ပြီး နိုင်ငံမှာ ဆင်းရဲကြပ်တည်းမူဆိုးရွားစွာဖြစ်နေတာကို ထောက်ပြ​တဲ့အနေနဲ့ ဒီနည်းလမ်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ မီးလောင်ဒါဏ်ရာကြောင့်သီတင်းတပတ်အကြာမှာ ဘူဇီဇီသေဆုံးသွားခဲ့ပြီး သူ့ရဲ့လုပ်ရပ်ကကြပ်တည်းဆင်းရဲတဲ့ဒါဏ်အလူးအလဲခံနေရတဲ့ တူနီးရှားနိုင်ငံသားတွေရဲ့အစိုးရအပေါ်မကျေနပ်စိတ်ကိုနိုးဆွလိုက်ပါတယ်။ တူနီးရှားနိုင်ငံကိုသမ္မတဘန်အာလီကအာဏာရှင်ဆန်ဆန် ၂၃နှစ်အကြာ အုပ်ချုပ်နေတာဖြစ်ပါတယ်။ သူ့အုပ်ချုပ်တဲ့ကာလအတွင်းမှာ အလုပ်လက်မဲ့နှုန်းနဲ့ကုန်စျေးနှုန်းက အကြီးအကျယ်မြင့်တက်နေလို့ ဆင်းရဲနွမ်းပါးမူကတိုးသထက်တိုးလာသလို အဂတိလိုက်စားမူအဆိုးဆုံးအခြေအနေရောက်ရှိနေပါတယ်။ ဘန်အာလီကိုယ်တိုင်က နိုင်ငံဘဏ္ဍာကိုကိုယ်ပိုင်ငွေလိုသဘောထားသလို သူ့နောက်လိုက်တွေကလည်း အကျင့်ပျက်ခြစားမူကို ထမင်းစား၊ရေသောက်လို လွယ်လွယ်ကျူးလွန်နေတာဖြစ်ပါတယ်။


ဒါ့အပြင် လွတ်လပ်စွာပြောဆိုခွင့်မပေးတာကြောင့် တူနီးရှားပြည်သူတွေဟာ မကျေနပ်ချက်ကိုကြိတ်လောင်နေကြရတာဖြစ်ပါတယ်။ လမ်းဘေးမှာသစ်သီးရောင်းနေရတဲ့ဘွဲ့ရလူငယ် ဘူဇီဇီကကိုယ့်ကိုကိုယ်မီးရိူ့ပြီး မကျေနပ်ချက်ကိုပြလိုက်ချိန်မှာတော့ တူနီးရှားပြည်သူတွေရဲ့ ရင်ထဲကိန်းအောင်းနေတဲ့မကျေနပ်ချက်တွေဟာလည်း ပေါက်ကွဲထွက်လာခဲ့ပါတယ်။ တူနီးရှားနိုင်ငံတဝန်း လူထုအုံကြွမူ တခဲနက်ဖြစ်လာပြီး သမ္မတဘန်အာလီအစိုးရကို ဆန့်ကျင်တဲ့တော်လှန်ရေးစတင်လိုက်ပါတယ်။ တူနီးရှားပြည်သူတွေဟာ အစိုးရဌာနတွေနဲ့ ဆက်ဆံရေးကို ရပ်စဲလိုက်သလို အစိုးရနဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်း၊ထုတ်ကုန်တွေကိုသပိတ်မှောက်တဲ့အာဏာဖီဆန်မူတွေလုပ်ကာ သမ္မတဘန်အာလီထိုးနှက်လိုက်ပါတယ်။ အဲဒီနောက်လူထုအင်အားအလုံးအရင်းကလမ်းပေါ်ထွက်ကာ ဘန်အာလီအစိုးရနုတ်ထွက်ဖို့ တောင်းဆိုပြီး တော်လှန်ရေးအရှိန်မြှင့်လိုက်ပါတယ်။ နေ့စဥ်ရက်ဆက် ကြွေးကြော်သံတွေမပြတ်ခဲ့သလို လူထုပါဝင်တဲ့အင်အားလည်းများသထက်များလာခဲ့လို့ သမ္မတဘန်အာလီအကြပ်ရိုက်လာပါတယ်။ အဲဒီလူထုတော်လှန်အုံကြွမူက တူနီးရှားနိုင်ငံ သမိုင်းမှာအတိုင်းအတာ အကြီးမားဆုံး ဖြစ်ရပ်ဖြစ်လာပါတယ်။ စံပယ်ဖြူတော်လှန်ရေး လို့တင်စားသတ်မှတ်တာရှိသလို တူနီးရှားလူထုအုံကြွမူဂယက်က ဆော်ဒီ၊အီဂျစ်၊ ဘာရိန်း၊လစ်ဗျားနိူင်ငံတွေအထိကူးစက်သွားလို့ အာရပ်နွေဦးတော်လှန်ရေးလို့ သမိုင်းတင်ခဲ့ပါတယ်။ တူနီးရှားပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုတာကို သမ္မတဘန်အာလီက အကြမ်းဖက်နှိမ်နင်းအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်တဲ့နောက်မှာ အခြေအနေကပိုတင်းမာလာပါတယ်။ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေလုပ်လာလို့ တလနီးပါးကြာတဲ့ လူထုတော်လှန်ရေးကာလအတွင်း သေဆုံးသူ ၂၀၀ ကျော်အထိရှိခဲ့ပါတယ်။ သမ္မတဘန်အာလီက ရက်စက်တဲ့နည်းလမ်းနဲ့အဆုံးသတ်ဖို့ ကြိုးစားပေမဲ့ တော်လှန်ရေးအရှိန်ကရပ်တန့်မသွားခဲ့ပါဘူး။

လူထုရဲ့ မခံချင်စိတ်နဲ့အမုန်းတရားပိုများလာတာကြောင့် အခြေအနေအရပ်ရပ်ကို သူ့အနေနဲ့မထိန်းနိူင်တော့ဘူးဆိုတာကို ဘန်အာလီနားလည်သွားပါတယ်။ နောက်ဆုံး ၂၃နှစ်ကြာအာဏာဆုပ်ကိုင်ထားတာကို လက်လျှော့လိုက်ပြီး ဇန်နဝါရီ၁၅ရက်မှာ သမ္မတရာထူးကနေနူတ်ထွက်လိုက်သလို တဆက်တည်းမှာဘဲမိသားစုနဲ့ဆော်ဒီနိုင်ငံဆီထွက်ပြေးတိမ်းရှောင်သွားပါတယ်။ တူနီးရှားပြည်သူတွေအနေနဲ့ ဘန်အာလီအစိုးရကို လူထုရဲ့ညီညွတ်တဲ့အားနဲ့ဖြုတ်လိုက်ပြီး တော်လှန်ရေးအောင်ပွဲဆင်နိုင်ခဲ့ပါတယ်။ တူနီးရှားလူထုတော်လှန်ရေးက အာဏာရှင်စနစ်ကြီးဆိုးတဲ့တခြားအာရပ်နိူင်ငံတွေဆီကူးစက်ခဲ့သလို အာရပ်နွေဦးတော်လှန်ရေးကိုအစပျိုးပြီး အောင်မြင်မူရယူပြနိူင်ခဲ့တဲ့ တော်လှန်ရေးအနေနဲ့ထင်ရှားစေခဲ့ပါတယ်။ တူနီးရှားလူထုတော်လှန်ရေးအောင်နိုင်ခဲ့ပြီး မကြာခင် အီဂျစ်နိုင်ငံမှာလည်း လူထုရဲ့တော်လှန်ရေးနဲ့နိုင်ငံကို နှစ် ၃၀အကြာအုပ်ချုပ်ချယ်လှယ်နေတဲ့သမ္မတမူဘာရက်ကိုဖြုတ်ချနိုင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကို အောင်မြင်မူနဲ့အစပျိုးနိုင်ခဲ့တာကြောင့် တူနီးရှားလူထုလူပ်ရှားမူက ဒီနေ့အထိ အာဏာရှင်အစိုးရကိုတော်လှန်နေတဲ့ နိုင်ငံတွေအတွက် စံနမူနာယူစရာဖြစ်နေခဲ့ပါတယ်။ တူနီးရှားလူထုတော်လှန်ရေးအလွန်မှာ သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရ်ှမြန်မာနဲ့ ကမ္ဘာ့နိုင်ငံတချို့မှာလည်း အာဏာရှင်အစိုးရကို တွန်းလှန်တဲ့နွေဦးတော်လှန်ရေးတွေပေါ်ပေါက်ခဲ့ပါတယ်။ လူထုတော်လှန်ပုန်ကန်မူနဲ့ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်တဲ့နိုင်ငံတွေဆက်ကာဆက်ကာထွက်ပေါ်နေဆဲဖြစ်သလို ​အာဏာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီးတွယ်ကပ်နေလို့တော်လှန်ရေးအဆုံးမသတ်နိူင်သေးတဲ့နိူင်ငံတွေလည်းရှိနေပါသေးတယ်။ ဒီလိုအဆုံးမသတ်နိူင်သေးတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံအပါအဝင်ဖြစ်ပြီး အာဏာရှင်အစိုးရကို အမြစ်ဖြတ်ဖြိုလှဲနိုင်အောင်ပြည်သူတွေကမမောမပန်း ကြိုးပမ်းနေပါတယ်။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ အာဏာရှင်စနစ်ချေမူန်းနိုင်တဲ့နိုင်ငံတနိုင်ငံအဖြစ်ပါဝင်လာမယ်ဆိုတာ မြန်မာပြည်သူတွေက ယုံကြည်ထားပါတယ်။

#Revolution #nonviolenceaction #Lootmyaukyar #TunisiaRevolution #TunisiaJasmineRevolution

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.