ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင်၊သူ့အတွေး)
သမန်းဝံပုလွေအခွင့်အရေးတက်ကြွလှုပ်ရှားသူ
————————————
စစ်အာဏာရှင်စနစ် ပြုတ်ကျသွားပြီးတဲ့နောက်ပိုင်း ကျနော် ဘာဆက်လုပ်မှာလဲလို့ ချစ်ရတဲ့မိတ်ဆွေအရင်းအချာတယောက်မက မေးမြန်းကြတယ်။ဒီမေးခွန်းကို ကျနော် ခုလို ပြန်ဖြေကြားလိုပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ ပုန်းလျှိုးကွယ်လျှိုး သွားလာနေထိုင်နေကြရတဲ့ သမန်းဝံပုလွေတွေရဲ့ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ကျနော် ဆက်ပြီး တိုက်ပွဲဝင်မှာဖြစ်တယ်။ လပြည့်ညရဲ့ သန်းခေါင်ယံအချိန် အေးစက်တဲ့ လေထုထဲက ပျံ့လွင့်လာတဲ့ အူသံသဲ့သဲ့ကို ကြားမိတိုင်း ရင်ခုန်သံမြန်လာတတ်တဲ့ ကျနော့်အတွက် ဗီဇစိတ်ရဲ့နှိုးစက်နာရီသံလို ဆူညံနေတဲ့ အာလျဆန္ဒတခုကို ဖြည့်ဆည်းဖို့လိုအပ်နေပါတယ်။ အစိုးရအဆက်ဆက်ရဲ့ နိုင်ငံသားဥပဒေပြဌာန်းချက်တွေမှာ ဖယ်ထုတ်တားမြစ်ခံထားရတဲ့ သမန်းဝံပုလွေတွေကို နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိစေဖို့ ကျနော် တတ်နိုင်တဲ့ဘက်က ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။ မြို့ပြင်ဘက်က ကျောက်လိုဏ်ဂူကြီးတခုထဲမှာ ဖွင့်လှစ်ထားမယ့် ကျနော့်ရဲ့ ရုံးခန်းထဲမှာ ကျောက်စားပွဲခုံတလုံးရှိမယ်။စားပွဲပေါ်မှာတော့ “ဖန်နရီယာ”ရဲ့ ကိုယ်တပိုင်းပုံရုပ်ထုကို အလှဆင်ထားမယ်။ စာရွက်စာတမ်းပေါင်းစုံနဲ့ ရေးလက်စပိုစတာတွေမှာ သမန်းဝံပုလွေပုံ ရောင်စုံပန်းချီစုတ်ချက် ကြမ်းကြမ်းတွေနဲ့ ကြွေးကြော်သံစာသားတွေ ပြည့်နှက်နေမယ်။ ညလူခြေတိတ်ချိန် ချီတက်ပြေးလွှားပွဲတွေနဲ့ သံပြိုင်အူသံတွေဟာ သွေးစည်းညီညွတ်တဲ့ သမန်းဝံပုလွေထုကို လှုပ်နှိုးလိုက်တဲ့ စစ်ချီသံတွေပဲဖြစ်တယ်။ ပါလီမန်ရှေ့မှာ စုဝေးနေတဲ့ သမန်းဝံပုလွေတွေကြားမှာ ကင်မရာကိုချိန်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ သမန်းဝံပုလွေအခွင့်အရေးကို ပိတ်ပင်တဲ့ မျိုးစောင့်ဥပဒေတွေကို ဖျက်သိမ်းဖို့ တောင်းဆိုရမယ်။
လူသားနဲ့ သမန်းဝံပုလွေမျိုးဆက်တွေ လွတ်လပ်စွာလက်ထပ်ခွင့်ရရှိရေးအတွက်၊ သမန်းဝံပုလွေတွေရဲ့ ပြည်ပခရီးသွားလာခွင့် ရရှိရေးအတွက်၊ လပြည့်ည အပြင်မထွက်ရ ဥပဒေတားမြစ်မိန့်တွေကို အပြည့်အဝပြန်လည်ရုတ်သိမ်းဖို့အတွက် တောင်းဆိုလှုပ်ရှားရမယ်။ ရိုမြူလပ်စ်နဲ့ ရီးမတ်စ် နို့စို့နေတဲ့ အမှတ်တံဆိပ်ကို ပါတီအလံနဲ့တံဆိပ်အဖြစ် အသုံးပြုထားတဲ့ လိုင်ကန်သရိုပတ်စ်တပ်ဦးပါတီဟာ တော်လှန်ရေးညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်လာနိုင်ဖို့နဲ့ ပါလီမန်မှာ ဝင်ထိုင်ခွင့်ရရှိဖို့အရေးကိုလည်း စွမ်းစွမ်းတမံကြိုးစားဖို့လိုပါတယ်။ အာဏာရသွေးစုပ်ကောင်တွေကို မောင်းထုတ်ဖို့ သမန်းဝံပုလွေတော်လှန်ရေးတရပ် လိုအပ်လာရင် ဆင်နွှဲဖို့ ပြင်ဆင်ရမှာဖြစ်ပြီးတော့ စုန်းမများ တန်းတူညီမျှရေးပါတီနဲ့ မဟာမိတ်အင်အားစုတည်ဆောက်ဖို့၊ အသွင်ပြောင်းသတ္တဝါများတပ်ပေါင်းစုဖွဲ့ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်။ အရေးအကြီးဆုံးကတော့ သဘာဝကို ပြန်သွားဖို့ဖြစ်ပြီး သစ်တောတွေခုတ်လှဲနေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှာဖြစ်သလို သမန်းဝံပုလွေတွေကို အမဲမလိုက်ဖို့ ဘေးမဲ့တောသတ်မှတ်ရေးကိစ္စကို အရေးကြီးအဆိုတင်သွင်းပေးမှာလည်းဖြစ်တယ်။ သမန်းဝံပုလွေများရဲ့ ကျမ်းသစ္စာမှာပါသလို “ငါသည် အာလဖလည်းဖြစ်၏ သြမိဃလည်းဖြစ်၏။ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံရလိမ့်မည်”လို့ အထပ်ထပ်အခါခါ ရေရွတ်ရင်း ငွေကျည်ဆံလက်နက်ဖျက်သိမ်းရေးကို တကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။ ကမ္ဘာလောကကြီး စိမ်းလန်းသွားတဲ့အခါ သွေးရောင်လွှမ်းတဲ့လ လှပသာယာပါလိမ့်မယ်။

ကျော်ကိုကို