“ကမာရွတ် လမ်းဆုံကွ” တဲ့။
လှမ်းကြည့်လိုက်တော့ လမ်းဆုံ မီးပွိုင့်တွေနားမှာ လက်ပြ ပုလိပ်တွေ ရပ်နေကြတယ်။ ကျန်လမ်းတွေ အားလုံး မီးနီတွေ ပြထားတဲ့ အပြင် ပုလိပ်တွေ လက်ထဲမှာလဲ ညလက်ပြတဲ့ ရေခဲချောင်း လက်နှိပ်ဓါတ်မီးတွေနဲ့ အနီအဖြူ ပြနေကြတယ်။ လမ်းဆုံမှာ ကားတစင်းစ နှစ်စင်းစပဲ ရပ်ထားတာ တွေ့ရတယ်။ ဒို့ကားများကတော့ နည်းနည်းမှ အရှိန်မလျှော့ဘဲ ဆက်မောင်းလာကြတယ်။ အဝိုင်းတခုကိုလဲ ဖြတ်ပြီးရော “ပြည်လမ်းပဲဟေ့” ဆိုပြီး အသံပေါ်လာတယ်။
၁၈၅၉ ခုနှစ် ကိုကိုးကျွန်းပို့တုန်းက ရေတပ်စခန်းကနေ မီးပြသင်္ဘောနဲ့ ပို့တယ်ဆိုတာ ကြားဖူးထားတာနဲ့ “မန်းကီးပွိုင့် ကိုသွားရင် ဒီကပဲ သွားရလား” လို့ မေးလိုက်မိတယ်။ “ဒီကသွားလဲ ရောက်တာပဲ” တဲ့ သြော်… ပြည်လမ်း၊ ဗမာပြည်ရဲ့ မြို့တော်ကြီး – ရန်ကုန်ရဲ့ အကျယ်ဆုံး၊ အကောင်းဆုံး လမ်းကြီး။ ဖဆပလ ခေတ်က သမ္မတ ဗိုလ်ရှုခံရာလမ်း၊ ၆၂ ခုနှစ် ကျောင်းသား သတ်ပွဲမှာ စစ်ကားတွေ တင့်ကားတွေ မောင်းရာလမ်း၊ ၁၉၆၉ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသမားတွေကို ကိုကိုးကျွန်းဆီ ခိုးထုတ်ရာလမ်း၊ ၄၈ နောက်ပိုင်း ဗမာပြည်သမိုင်းမှာ အများကြီး အရေးပါတဲ့ လမ်းမကြီးပါပဲ။ ကျွန်းကိုတော့ ပို့ပြီလို့ အသေတွက်လိုက်ပါပြီ။ မန္တလေးထောင်မှာ ၂ နှစ်နဲ့ ၆လ ကျော်၊ တွဲဘက်ထောင်မှာ သီတင်းတပါတ်လောက် နေခဲ့ပြီး – တခါမှလဲ အိမ်နဲ့ မတွေ့ရ၊ စာမရေးရဘဲ ကျွန်းကို ရောက်ရတော့မယ်။ ဟိုရောက်ရင်…။ အချိန်မရှိလို့ တယ်မစဉ်းစားနိုင်ပါဘူး။ စဉ်းစားနေလို့လဲ သိပ်အကျိုးထူးလှမှာ မဟုတ်ဘဲ။ စိတ်ကိုတော့ မောင်းတင်ထားလိုက်တယ်။
“တကျွန်း … သို့”
— ရဲဘော်ဖိုးသံချောင်း —
“တက်”
မီးထွန်းထားလို့ လင်းနေတဲ့ ကားခန်းထဲမှာ ကားမောင်းသမားနေရာ ထိုင်နေတဲ့ ဒရိုင်ဗာ တယောက်နဲ့ သူနဲ့ဘေးခုံမှာ ဝါဒါ ၂ ယောက် ရပ်နေတာပဲ တွေ့ရတယ်။ တက်တဲ့ အပေါ်နားမှာတော့ အကယ်ဒမီကျော်အေး။ “၂ ယောက်စီထိုင်၊ ၂ ယောက်စီထိုင်။ ရှေ့ဆုံး ခုံသွားထိုင်၊ နောက်ကလူတွေ လာအုံးမယ်။ မြန်မြန် – မြန်မြန်-” ဘတ်စကား စပယ်ယာတွေ ပါးစပ်ဆိုးတယ်ဆိုတာလောက်တော့ အခုစပယ်ယာက အပျော့ပေါ့။ မျက်နှာပေါက်ကလဲ ဆိုး၊ နှုတ်ကလဲကြမ်း၊ ယူနီဖောင်း ဝတ်ထားတာ ပိုသေး။ ကားပေါ်မှာ အလယ်နားလောက် ထိုင်ရတယ်။ အတွင်းတန်းတော့ မဟုတ်ဘူး။ အပြင်တန်းကခုံ။ ဒါပေမဲ့ အပြင်တန်းက ခုံဆိုလို့တော့ ဘာမှမထူးပါဘူး။ ကိုယ့်ညာဘက်က ပြတင်းပေါက်ကို မှန်တင်ထားပြီး မှန်ကိုမှ သတင်းစာရိုက်တဲ့စက္ကူ အဖြူ အကြီးကြီးနဲ့ တရွက်ကပ်ထားပါတယ်။ မှန်သားကိုတောင်မှ မြင်ချင်လို့ မမြင်ရပါဘူး။ အလားတူပဲ တခြားပြတင်းပေါက်မှန်သမျှ၊ အဆင်းအတက် တံခါးက မှန်ပေါက်သေးသေးလေးတွေ၊ ကားနောက်ပိုင်းက မှန်တွေကိုလဲ စက္ကူဖြူကြီးတွေ ကပ်ထားတယ်။ စက္ကူလွတ်တာရယ်လို့ ရှေ့ကြည့်မှန် ၂ ခု ထဲက ဒရိုင်ဗာရှေ့က မှန်တကွက်ပဲ ကျန်ပါတယ်။ တကားလုံးကို ဖွေးလို့ပေါ့။
စက္ကူတွေ ဘာကြောင့် ကပ်ရတာလဲ။ ဒို့က အပြင်ကို မမြင်စေချင်တာလား၊ ဒို့ကို အပြင်က မမြင်စေချင်တာလား။ ဒို့က အပြင်ကို မမြင်ရလို့တော့ ဘာထူးမှာတုံး၊ ထောင်ထဲနေရတာပဲ ကြာကြာလှပြီ၊ မြင်ရလဲ ကိုယ်စံစားရတဲ့ ဘဝမှ မဟုတ်ဘဲ။ ဒို့ကို မမြင်ရဘူး ဆိုတော့ကော။ သူတို့လု့ပ်နေတာတွေ ပြည်သူက မသိတော့ဘူးတဲ့လား။ သာမန်ပဲ စဉ်းစားကြည့်စမ်းပါအုံး။ ညကြီးသန်းခေါင် ဟီးနိုးကားကြီးကို မှန်ပြတင်းပေါက်တိုင်း စက္ကူဖြူတွေကပ်၊ အထဲက မီးထွန်း၊ အစောင့်တွေနဲ့ လျှောက်မောင်းလို့ မြင်ရတဲ့ လူတွေက ဘယ်လို့ထင်မလဲ။ ကား လျှောက်စမ်းတယ်လို့များ တွေးလိမ့်မယ် ထင်သလား။ လူထုကိုများ အရူးမှတ်လို့။ အေး လူထုကပဲ ရူးသလား၊ ဒင်းတို့ကပဲ ရူးသလား …. ကားပေါ်ကို ဒို့အသုတ် အကုန်လဲ တက်ပြီးရော နောက်က ဝါဒါ ၁၀ ယောက်လောက် လိုက်တက်လာ ကြတယ်။ နောက်ပြီး ထောင်မှူးတယောက်လဲ မြင်လိုက်တယ် မှတ်တာပဲ။ ဝါဒါတွေကတော့ အတည်တကျ ထိုင်တယ်ရယ် မရှိဘဲ အဓိက အားဖြင့် တံခါးပေါက်တွေမှာ ပိတ်ရပ်နေကြတယ်။ ဝုန်းဆို အတက်တံခါးကို ပိတ်ပြီး ဒလက် လှည့်ပိတ်လိုက်တယ်။ ကားထွက်ပါပြီ။ တဘီးချင်းပဲ လိမ့်တယ်။ ရှေ့မီးကြီး ၂ လုံးကို ဖွင့်ထားတယ်။ အော်တိုမက်တစ် ဂီယာဆိုတော့ ဂီယာပြောင်းတာရယ်လို့တော့ မရှိဘူးပေါ့။ ဒါပေမဲ့ အရှိန်ကိုတော့ ထူးပြီး မမြှင့်ပါဘူး။
ဟော ရပ်သွားပြန်ပြီ။ ဘာများပါလိမ့်။ စက်လဲမသတ်၊ မီးလဲ မမှိတ် ဆိုတော့ ရပ်တာဟာ ခဏပဲလို့ စဉ်းစားမိပါတယ်။ ဒရိုင်ဘာရဲ့ ရှေ့က ပြတင်းပေါက်ကို ဖြတ်ပြီး ကြည့်လိုက်တော့ ဒီလို ဟီးနိုးကားကြီး တစင်းရဲ့ ဖင်မြှီးကို ကပ်ရက် တွေ့ရတယ်။ သူ့ရဲ့ နောက်ပြတင်းပေါက်များမှာလဲ စက္ကူဖြူတွေကပ်လို့။ တော်တော်လေးနေတော့ ကိုယ့်ကားနောက်ပိုင်းက လင်းလာသလို ဖြူပြီး ကားထဲမှာ အတူပါလာကြတဲ့ လူတွေနောက်ကို လှည့်ကြည့်ကြတာ မြင်တာနဲ့ သူတို့နည်းတူ လှည့်ကြည့်လိုက်တော့ ကားနောက်ပိုင်း ပြတင်းပေါက် ၂ ခုမှာ ကပ်ထားတဲ့ စက္ကူဖြူကြီးတွေဟာ လင်းနေတာတွေ့ရတယ်။ နောက်တစင်းပဲ။ ကားက ဘယ်နှစ်စင်းများတောင်လဲ၊ လူကကော ဘယ်နှစ်ယောက်တုံး။ ခဏနေတော့မှ စထွက်ပါတယ်။ ထောင်ဝိုင်းအတွင်းမို့ ဖြေးဖြေးပဲ။ တစင်းနဲ့ တစင်း အမြီးနဲ့ ခေါင်းဆက်နေတယ်။ ဘယ်ကိုသွားနေတာလဲ၊ ဘယ်ကိုရောက်မလဲ၊ ဘာမြင်ရမလဲ၊ သိချင်ဇောနဲ့ လူတိုင်းဟာ ရှေ့ဒရိုင်ဗာရှေ့က ပြတင်းပေါက်ကို ဖြတ်ပြီး အတင်းကြိုးစားကြည့်နေကြပါတယ်။ သိချင်တာတော့ လူတိုင်းပဲ သိချင်နေကြတယ်။ ကိုကိုးကျွန်း ပို့ဖို့ ပြင်တာလား၊ မင်္ဂလာဒုံ ရေကြည်အိုင် အကျဉ်းစခန်းကိုလား။ အနည်းဆုံး ထောင်ထဲမှာ နှစ်ရှည်လများနေခဲ့ရသူတွေ အနေနဲ့ အပြင် ရှုခင်းလေး တွေ အနည်းအကျဉ်း မြင်ရလို မြင်ရငြား ကြည့်တော့ ကြည့်ချင်ကြတာပေါ့။
လမ်းကချိုင့်တွေနဲ့မို့ တအိအိ ဖြေးဖြေး မောင်းနေတာနဲ့ ရှေ့ကားရဲ့ ဖင်ပိုင်းကလွဲရင် ဘာမှမမြင်ရဘူး။ ဒါပေမဲ့ မကြာခဏကွေ့လိုက်လို့ ဖြစ်စေ၊ ချိုင့်ကိုရှောင်ရင်းဖြစ်စေ ကိုယ့်ကားရဲ့ ရှေ့မီးတွေဟာ ရှေ့ကားရဲ့ ဖင်ကလွှဲပြီး အပြင်ကို ထိုးမိတယ် ဆိုရင်တော့ – မီးရောင်တဖွေးဖွေး အောက်မှာ …. လက်ခနဲ – လက်ခနဲ၊ လှံစွပ်တွေကို မြင်ရတယ်။ ထောင်ဝင်းကြီးထဲမှာကိုပဲ ၅ ကိုက်ခြားလောက် သေနတ်ကိုင် စစ်သားတွေ ချထားကြတယ်။ “အင်းစိန်ထောင်ဝိုင်းထဲပဲ ရှိသေးတယ်” တိုးတိုး တိုးတိုးနဲ့ မြင်ရတဲ့ မြင်ကွင်းကို ကြည့်ပြီး သိတဲ့လူတွေက ပြောကြပါတယ်။ မင်္ဂလာဒုံဘက်ကို သွားသလား၊ ရန်ကုန်ဘက်ကို သွားသလား ဆိုတာတော့ မကြာခင်မှာ သိမှာပဲလို့ ပြောကြသံလဲ ကြားရပါတယ်။ မျက်လုံးတိုင်းဟာ ဒီဒရိုင်ဗာရှေ့ကပြတင်းပေါက်လေးကိုပဲ ဝိုင်းအာရုံစိုက်နေကြပါတယ်။

“ဟော – ဟော – အင်းစိန်ထောင်က ထွက်ပြီ”
– တဲ့ အရှိန်တော့ နည်းနည်းပိုမြန်လာတယ် ဆိုတာ သတိထားမိတယ်။ ချိုးလိုက် ကွေ့လိုက်တာကလဲ ခဏခဏ၊ ကိုယ်မကျွမ်းတဲ့ အရပ်ဆိုတော့ ဘေးကလူတွေ ပြောသမျှကိုပဲ နားထောင်နေရတယ်။ ကားဟာ မြန်သထက် မြန်လာတယ်။ တစင်းနဲ့ တစင်းလဲ သိပ်ကြီးမကပ်တော့ဘူး။ “ဟေ့ – ရှေ့ဆုံးက ပုလိပ်ကားပါတယ်” ။ အသံကြားလို့ လှမ်းကြည့်လိုက်တော့ တခြား ဘတ်စ်တွေ ကွေ့နေတာပဲ တွေ့ရတော့တယ်။ “ကား ဘယ်နှစ်စင်းလောက်ရှိမယ် ထင်သလဲ” ဘေးကလူကို တိုးတိုး မေးကြည့်တော့ -“ဒို့ရှေ့မှာတော့ ၁ စင်းရှိမယ် ထင်တာပဲ -” တဲ့။ ရှေ့က ထိုင်တဲ့ ကိုအောင်ဘော်က လှည့်ပြီး – “ရှေ့မှာ ၅ စင်း ရှိတယ်၊ ကျန်တော်တို့က နံပတ် ၆ ပဲ” လို့ ပြောပြပါတယ်။ ဟုတ်ပါတယ်။ ကွေ့တကွေ့မှာ ရှေ့ဆုံးက လင့်ရိုဗာ ပုလိပ်ကားလေးကို မြင်လိုက်ရပြီး ကားကြီး ၅စင်း ကွေ့သွားတာ ရေ လို့ရပါတယ်။ နောက်မှာ ဘယ်နှစ်စင်း ကျန်တယ်တော့ မသိ။ ပုလိပ်ကားလေးကတော့ အမိုးပေါ်က မီးအနီကြီး လင်းချည် ပိတ်ချည်နဲ့။
“ရန်ကုန်ဘက်ပဲ၊ ဒါဆို ရန်ကုန်ဘက်သွားတာပဲ”
ငါတို့လို နယ်မကျွမ်းသူအဖို့ကတော့ ကတ္တရာလမ်းပေါ်သွားနေတယ်လို့ပဲ ပြောနိုင်သေးတယ်။ ကိုယ်မှတ်မိတဲ့ ရန်ကုန်ရဲ့ အမှတ်လက္ခဏာတွေကို တွေ့ကို မတွေ့ရသေးဘူး။ “ကြို့ကုန်းရောက်ပြီ” တဲ့။ အဲတော့ ကပျာကယာ လှည့်ပြီး နည်းနည်းစောင်းကြည့်လိုက်ရတယ်။ အင်ဂျီနီယာ ကျောင်းကိုတော့ မှတ်မိတာကိုး။ ဟုတ်သားပဲ.. အမှောင်ရိပ် မဲမဲထဲမှာ ဆိုဗီယက် လက်ဆောင်ပေးတဲ့ အလုပ်လက်မဲ့တွေ မွေးထုတ်ရာ အဆောက်အဦးကြီးကို ထင်းထင်းကြီးတွေ့လိုက်ရပါတယ်။ ခဏပဲ၊ မြင်ကွင်းထဲက ပျောက်သွားတယ်။
မြန်လိုက်တဲ့ကားတွေ။ တံခါးတွေ အကုန်ပိတ်ထားလို့ လေတိုးမခံရဘဲနဲ့တောင်မှ မြန်မှန်းသိသာတယ်။ ဘေးမှာရှိသမျှ အိမ်၊ သစ်ပင်၊ ဓါတ်တိုင် မှန်သမျှဟာ တရိပ်ရိပ်ပဲ။
“ကမာရွတ် လမ်းဆုံကွ” တဲ့။
လှမ်းကြည့်လိုက်တော့ လမ်းဆုံ မီးပွိုင့်တွေနားမှာ လက်ပြ ပုလိပ်တွေ ရပ်နေကြတယ်။ ကျန်လမ်းတွေ အားလုံး မီးနီတွေ ပြထားတဲ့ အပြင် ပုလိပ်တွေ လက်ထဲမှာလဲ ညလက်ပြတဲ့ ရေခဲချောင်း လက်နှိပ်ဓါတ်မီးတွေနဲ့ အနီအဖြူ ပြနေကြတယ်။ လမ်းဆုံမှာ ကားတစင်းစ နှစ်စင်းစပဲ ရပ်ထားတာ တွေ့ရတယ်။ ဒို့ကားများကတော့ နည်းနည်းမှ အရှိန်မလျှော့ဘဲ ဆက်မောင်းလာကြတယ်။ အဝိုင်းတခုကိုလဲ ဖြတ်ပြီးရော “ပြည်လမ်းပဲဟေ့” ဆိုပြီး အသံပေါ်လာတယ်။
၁၈၅၉ ခုနှစ် ကိုကိုးကျွန်းပို့တုန်းက ရေတပ်စခန်းကနေ မီးပြသင်္ဘောနဲ့ ပို့တယ်ဆိုတာ ကြားဖူးထားတာနဲ့ “မန်းကီးပွိုင့် ကိုသွားရင် ဒီကပဲ သွားရလား” လို့ မေးလိုက်မိတယ်။ “ဒီကသွားလဲ ရောက်တာပဲ” တဲ့ သြော်… ပြည်လမ်း၊ ဗမာပြည်ရဲ့ မြို့တော်ကြီး – ရန်ကုန်ရဲ့ အကျယ်ဆုံး၊ အကောင်းဆုံး လမ်းကြီး။ ဖဆပလ ခေတ်က သမ္မတ ဗိုလ်ရှုခံရာလမ်း၊ ၆၂ ခုနှစ် ကျောင်းသား သတ်ပွဲမှာ စစ်ကားတွေ တင့်ကားတွေ မောင်းရာလမ်း၊ ၁၉၆၉ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသမားတွေကို ကိုကိုးကျွန်းဆီ ခိုးထုတ်ရာလမ်း၊ ၄၈ နောက်ပိုင်း ဗမာပြည်သမိုင်းမှာ အများကြီး အရေးပါတဲ့ လမ်းမကြီးပါပဲ။ ကျွန်းကိုတော့ ပို့ပြီလို့ အသေတွက်လိုက်ပါပြီ။ မန္တလေးထောင်မှာ ၂ နှစ်နဲ့ ၆လ ကျော်၊ တွဲဘက်ထောင်မှာ သီတင်းတပါတ်လောက် နေခဲ့ပြီး – တခါမှလဲ အိမ်နဲ့ မတွေ့ရ၊ စာမရေးရဘဲ ကျွန်းကို ရောက်ရတော့မယ်။ ဟိုရောက်ရင်…။ အချိန်မရှိလို့ တယ်မစဉ်းစားနိုင်ပါဘူး။ စဉ်းစားနေလို့လဲ သိပ်အကျိုးထူးလှမှာ မဟုတ်ဘဲ။ စိတ်ကိုတော့ မောင်းတင်ထားလိုက်တယ်။

လမ်းပေါ်မှာ ဘာတွေရှိတယ်၊ လမ်းဘေးမှာ ဘာမြင်ရတယ်ဆိုတာကို တယ်ပြီး သတိမထားမိတော့ဘူး။ ကိုယ့်ကားအောက်ကို တရိပ်ရိပ်ပြေးဝင်နေတဲ့ ကတ္တရာလမ်းကိုသာ မျက်မှောင်ကုတ်ပြီး ငေးကြည့်နေမိတယ်။ “ဒါရန်ကုန်ထောင်ကြီးပဲ” တယောက်ပြောလိုက်သံကြားလိုက်ရတယ်။ လိုက်တော့ မကြည့်မိတော့ဘူး။ ရှေ့က ထိုင်တဲ့ ကိုအောင်ဘော်က “ဘယ့်နှယ်လဲ” ဆိုတဲ့ သဘောနဲ့ လှည့်ပြုံးပြတယ်။ သူရော ဒို့ရော တွက်တာမှန်တော့မယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ပဲ သူ့ကို ပြန်ပြုံးပြလိုက်မိတယ်။ စိတ်ထဲမှာလဲ “ကြည့်ကြသေးတာပေါ့” လို့ ဝမ်းသာသလိုလို ခံစားနေရမိတယ်။ “ကမ်းနားလမ်း၊ ကမ်းနားလမ်း ရောက်ပြီ”- တဲ့။ ကမ်းနားလမ်းသာ ဆိုတယ် ကမ်းနားလေလဲ နည်းနည်းမှ မရပါလား။ ဘေးမှာတော့ ကားတွေရပ်ပေးနေရတာ သတိထားမိတယ်။ ညာဘက်မှာတော့ တခါတခါ ဝန်ချီစက်တွေ တွေ့ရတယ်။ ပလက်ဖောင်းပေါ်မှာ တွေ့ကောင်းလို့ တွေ့ရတဲ့ လူမှန်သမျှကတော့ မတ်တပ်ရပ်ပြီး ငါတို့ကားတွေကို တအံ့တဩကြည့်နေကြတယ်။ ဒီလိုကြည့်နေကြတာ မြင်ရတော့လဲ ဝမ်းမြောက်မိပြန်တယ်။ “ကျန်းမာရေးဆိပ်ကမ်းပဲ” တဲ့၊ မှောင်ထဲက အသံတသံကြားလိုက်ရတယ်။ ကားတွေဟာ အရှိန်နည်းနည်း လျှော့မောင်းလာပြီ။ လမ်းလယ်တည့်တည့်က မောင်းတာမဟုတ်ဘဲ ဘယ်ဘက်ကိုကပ်ပြီး မောင်းနေပြီ။ ချိုးချလိုက်တယ်။ ညာဘက်ကို တဆစ်ချိုး။ ရှေ့ကားက ဘရိတ်နင်းလို့ သူ့ဖင်က မီးနီလေးပွင့်လာတယ်။ ကားတံခါးပွင့်တယ်။ လူတွေစဆင်းတယ်၊ ကိုယ့်ကားလဲရပ်လိုက်ပြီ။
“ရောက်ပြီ၊ ဆင်းမယ်၊ ကိုယ့်ပစ္စည်းကိုယ်ယူ-”
ပြိုင်တူထလိုက်ကြတယ်။ အားလုံးပဲ သိပ်ဆင်းချင်နေကြသလိုပဲ။ အပြင်မှာ ဘာလဲ၊ ဘယ်လိုပြင်ဆင် ထားလဲဆိုတာ သိချင်လှပြီ။ ကိုယ့်ဘဝကိုယ် အဆုံးစွန် တွက်ထားကြသူတွေအနေနဲ့ လာမယ့်ဘေးကို ပြေးတွေ့လိုက်ချင်နေကြတယ်။ အဲလို မတ်တပ်ထကြရင်း တယောက်နဲ့ တယောက်မျက်နှာချင်းဆိုင်မိကြတော့လဲ ပြုံးမိကြတယ်။ အပြုံးတွေမှာ နားလည်မှုအပြည့်နဲ့ တယောက်တယောက် အားပေးနေကြတဲ့ အဓိပ္ပါယ်တွေ ထွက်နေတယ်။ ဘာမှမရေရာတဲ့ မှန်းဆလို့မလွယ်တဲ့ ရှေ့ရေးအတွက် တယောက်ကို တယောက် ဒီလိုကြည့်တာမျိုးဟာ အင်မတန် အရေးပါလှတယ်။ သေကွဲပဲ ကွဲရ ကွဲရ၊ ရှင်ကွဲပဲ ကွဲရ ကွဲရ၊ ကွဲရတယ်ဆိုရင် ဒီအပြုံးမျိုးတွေဟာ တသက်လုံးပါသွားတတ်တာမျိုးပဲ။ တံခါးပွင့်တာနဲ့အတူ နောက်ဆုံးမှာ ထိုင်တဲ့ လူတွေက စဆင်းတယ်။ တလှမ်းချင်း၊ တရွေ့ရွေ့ .. ..။ ကိုယ်ကတံခါးပေါက်မရောက်သေးလို့ မဆင်းရသေးပေမယ့် မျက်လုံးကတော့ တံခါးပေါက်ပြင်ကို ရောက်နေပြီ။ တံခါးပေါက်အပြင်မှာ ပထမဆုံးမြင်ရတဲ့ မြင်ကွင်းကတော့ “ဂျီသရီးကိုင် စစ်သားပါပဲ။ သေနတ်များက လှံစွပ်ကလဲ တလက်လက်နဲ့။” ငါ့လာဖမ်းတုန်းက အိမ်လှေကားထိပ်ပေါ်က မြင်ကွင်းကိုတောင် ပြန်သတိရမိသေးတယ်။

တံခါးပေါက်ရပ်တာနဲ့ပဲ မြင်နေရပါပြီ။ အချိန်မရလို့သာပေါ့။ နို့မို့ရင် တံခါးပေါက်မှာ ရပ်ပြီး လှမ်းမျှော်ကြည့်နေမိမှာ သေချာတယ်။ ဘာကိုမြင်ရတယ်ဆိုတာ မရေးပါရစေနဲ့အုံး။ ကိုယ့်ပါတဲ့ အထုပ်ကြီး ၂ ထုပ်က လေးလဲလေး၊ ကြီးလဲ ကြီးနဲ့၊ သူများတွေလျှောက်တဲ့နောက် ကမျောသောပါးလိုက်နေရတာ အလုပ်ရှုပ်လွန်း၊ ပင်ပန်းလွန်းလို့ပါ။ ဘယ်ဘက်၊ ညာဘက်၊ ၂ ဖက်ညှပ်ပြီး ပခုံးချင်း ထိမတတ် တန်းရပ်နေကြတာကတော့ ရှေ့တန်းသွားတဲ့ အတိုင်း ဝတ်စားပြီး လက်နက်တပ်ထားတဲ့ စစ်သားတွေပါပဲ။ လမ်းတလျှောက်လုံးနဲ့ ဘေးမြင်ကွင်းကို မြင်ချင်လို့တောင်မှ မမြင်ရပါဘူး။ ဘောတံတားထိပ်နဲ့ ကားနဲ့ ကိုက် ၅၀ လောက်ခရီးမှာရော၊ ကားမရှိတဲ့ ဆိပ်ကမ်းဟိုဘက်တွေမှာရော သံခမောက်တွေ ချည့်ပါဘဲ။ ဘောတံတား တလျှောက်မှာလဲ သူတို့၊ ဟိုအောက်ခြေမှာလဲ သူတို့ ရှစ်ခေါဘဏီတပ်များ မ’လာသလားမသိ။ ဘောတံတားပေါ်က ဆင်းတော့ မီးမောင်းကြီးတွေ တဖွေးဖွေး ဓါတ်မီးတွေ တထိန်ထိန်မှာ ပြည်တော်ညွန့် သင်္ဘောအဖြူကြီးကို တွေ့လိုက်ရပါတယ်။ သင်္ဘောဘေး ဆိပ်ခံပေါ်က စစ်သားတွေသာ မမြင်ရရင် အပျော်ခရီးထွက်ဖို့ ခေါ်သလား အောက်မေ့ရလောက်အောင် မြင်ကွင်းဟာ ထူးခြားနေပါတယ်။ ကြည့်ပါအုံး။ – ရန်ကုန်မြို့ရဲ့ ညကမ်းနားမှာ သင်္ဘောကြီးကလဲ အဖြူကြီး မီးတွေထိန်နေအောင် ထွန်းထားတယ်။ ပြီးမှ မီးမောင်းကြီးတွေကလဲ ဝိုင်းပြီးထိုးပေးထားတယ်။
မြစ်ကို ဆန်တက်လာတဲ့ ပင်လယ်လေလေးပါလား။ ဒါပေမဲ့ ယူနီဖောင်းနံ့နဲ့ သေနတ်က အမဲဆီနံ့တွေ ပြည့်နေတယ် ထင်မိလို့ လေကို အားရပါးရ မရှုလိုက်ပါဘူး။
ဆိပ်ခံဘောပေါ်မှာလဲ အစွန်းတွေကနေ ဂျီသရီးတွေနဲ့ စောင့်နေကြတယ်။ မြစ်ထဲခုန်ချမှာများ စိုးလေသလား မသိဘူး။ ဒီဘောပေါ်မှာပဲ ထောင်အရာရှိ ၂ ယောက် ၃ ယောက်နဲ့ စစ်ဗိုလ် ၂ ယောက် ၃ ယောက်လောက်လဲ တွေ့ရတယ်။ သူတို့ပခုံးပေါ်က ဘားတွေကို ဂရုစိုက်မကြည့်မိလို့ ဘာရာထူးရှင်တွေဆိုတာတောင် သတိမထားလိုက်မိဘူး။ သင်္ဘောပေါ် အမြန်ရောက်ချင်ဇောနဲ့ တက်ရမယ့် နေရာကိုသာ အာရုံထားလျှောက်ခဲ့တယ်။ ဆိပ်ခံဘောပေါ်ကို လှမ်းပြီးထိုးထားတဲ့ ကျွန်းဘောင်ကြီးတွေ အတိုင်းတက်ခဲ့ကြတယ်။ ကုန်းဘောင်ထိပ်၊ သင်္ဘောပေါ်က ဆီးကြိုနေကြတာလဲ ယူနီဖောင်းဝတ်တွေနဲ့ လက်နက်မျိုးစုံပါပဲ။ ဘယ်လိုနေရာက စီးရမှာလဲ၊ ဘယ်သူတွေနဲ့ အတူသွားစီးရမှာလဲ၊ လူသစ်တွေ တွေ့ရအုံးမှာလား။ ထောင်ဘဝကို အတော် လေး နောကျေနေတော့ ခရီးထွက်ရတယ်ဆို ဒါတွေ စဉ်းစားတတ်လာတယ်။ အရင်တခေါက် ကိုကိုးကျွန်းပို့တုန်းကတော့ မီးပြသင်္ဘောဝမ်းထဲမှာ မဆံ့မပြဲ အတင်းထည့်ပြီး လေမရ ဘာမရ မွန်းပိတ် မူးမော်ကုန်ကြတယ် ဆိုတာ သတိရမိနေသေးတယ်။ သေချာတာကတော့ ဒီတခေါက်မှာလဲ ငါတို့ကို ပထမတန်းမှာ ဒါမှမဟုတ် ကုန်းပတ်မှာ မထားဘူးဆိုတာပဲ။ သင်္ဘောကုန်းပတ်ထိပ်ကနေ နောက်ကလာလမ်းကို တချက်ပြန်လှည့်ကြည့်မိသေးတယ်။ စီတန်းနေတဲ့ သံခမောက်နဲ့ လှံစွပ်တွေချည့်သာမို့ ခေါင်းကိုချက်ချင်း ပြန်လှည့်ခဲ့တယ်။ ကျန်ခဲ့တော့မယ့် ရန်ကုန်မှာလဲ ဂျီသရီးကိုင် အစောင့်တွေချည့် … သွားရတော့မယ့် သင်္ဘောပေါ်မှာလဲ လက်နက်ကိုင် အစောင့်တွေချည့်။ ဘာပဲပြောပြော သန်းခေါင်ပြီးရင်တော့ နေပွင့်ရမှာပဲပေါ့။ စစ်သားတွေ ပုလိပ်တွေကြားမှာ ခဏဖြတ်လျှောက်လာခဲ့တော့ အောက်ဆင်းတဲ့ လှေခါးတခုရဲ့ အပေါက်ဝ ထိပ်ရောက်တယ်။ “ဆင်းကြ-” တဲ့။ အောက်ခန်းထဲက လူသံတွေ ညံနေအောင်ကြားရတယ်။ အပြင်လေနဲ့ ဘာမှမဆိုင်တဲ့ အပူငွေ့ကြီးလဲ အခန်းထဲက လုံးတက်လာတယ်။ ဆင်းခဲ့ပါပြီ။ တထစ်၊ နှစ်ထစ်၊ သုံးထစ်၊ လေးထစ်၊ ငါးထစ်…“ဟာ – အေဘီ(ကိုအောင်ဘော်)တို့၊ လာကြဗျို့ လာကြ..”“ဗျို့ ကိုဖိုးသံ ဒီကို ဗျို့..” လှေကားမှမဆုံးသေးဘူး ရဲဘော်တွေရဲ့ လှမ်းခေါ်တဲ့အသံတွေကို ကြည်နူးစရာကြီး လှမ်းကြားရတယ်။ လှေခါးထိပ်က တံခါးကြီးကိုတော့ ပိတ်လိုက်ကြပြီ။ ၁၉၅၉။ ၁၉၆၉။ ၁၀ နှစ်တိတိ အကြာမှာ ကိုကိုးကျွန်းကို ဒုတိယအကြိမ် နိုင်ငံရေးအကျဉ်းသားတွေ ပို့လိုက်ကြပါပြီ။
ရဲဘော်ဖိုးသံချောင်း
ဒီမိုကရေစီသစ် Pageကနေကူးယူဖော်ပြထားတာပါ။