ဖေဖော်ဝါရီ ၈၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ
လမ်းကြားတွေထဲ မှာလှုံ့ဆော်မှု စရမယ်ဆိုတာကလည်း ကြိုတင်ပြင်ဆင်ချက်ပါပဲ။ရန်သူအလွယ်တကူ မဝင်ရောက်နိုင်၊မဖြိုခွဲနိုင်ဖို့၊လူထုရဲ့သတင်းပေးမှုနဲ့ လုံခြုံနိုင်ဖို့၊ လူထုကိုယ်တိုင် တိုက်ပွဲအစမှာ လုံလုံခြုံခြုံပါဝင်နိုင်ဖို့ စီစဥ်ထားကြတာပါ။ လူထုတကယ်ပါဝင်လာမယ်လို့လည်း ယုံကြည်ထားလို့ပါ။တကယ်လည်း တိုက်တွေ ပေါ်က ပြေးဆင်းလာကြ ၊ လမ်းကြားတွေထဲက ပြေးထွက်လာကြ၊ဝရန်တာတွေပေါ်က လက်ခုပ်ဝိုင်းတီး၊ လက်ဝှေ့ရမ်း အော်ဟစ်ကြွေးကြော်နှုတ်ဆက်ကြတာပါပဲ။ လူ ၁၀၀ ပတ်ချာလည်နဲ့စထွက်တဲ့ သပိတ်စစ်ကြောင်းလေးဟာ…စမ်းချောင်း၊အလုံ ကြည့်မြင်တိုင် ညစျေးအရောက်မှာ လူသောင်းကျော်တဲ့ သပိတ်စစ်ကြောင်းကြီး ဖြစ်သွားပါပြီ။ ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ်_ ABFFU ခေါင်းဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူကိုဌေးအောင်တို့ တခြားနာမည်မဖော်ပြနိုင်သေးတဲ့သူတွေက အသင့်ပြင်ဆင်ပြီး ပူးပေါင်းခဲ့ကြပါတယ်။ ကျနော်တို့စထွက်လာတဲ့ ဦးဆောင်သူတချို့က နောက်နေ့အတွက် ပြင်ဆင်ဖို့ လူစုခွဲလိုက်ပေမယ့် လူထုကြီးကတော့ ၆ရက်နေ့ ညနေ မြို့တော်ခန်းမဆီ ဦးတည်ချီတက်သွားပါပြီ။ အဲ့ညနေမှာပဲ….ကိုမင်းကိုနိုင်လည်း မြို့တော်ခန်းမရှေ့ လူထုကြားထဲက ပြန်ထွက်ပေါ်လာပါပြီ….။
အဆုံးသတ်တိုက်ပွဲ ဘယ်သူတွေဘယ်လိုနွှဲမလဲ
—————————————-
၂၀၂၁ ဖေဖော်ဝါရီ ၆ရက်နေ့နဲ့ပက်သက်ပြီးပဲ ပြောမှာမဟုတ်ဘူးဆိုတာ ကြိုပြောထားပါရစေ။ ကိုယ့်ဘာကိုယ် စိတ်အားတက်ရတာလေးတချို့နဲ့ ပြန်တွေးမိတာလေးတွေ ပြောပြမယ်ဗျာ…။ လှည်တန်းကိစ္စက ကျနော်တို့ ထဲထဲဝင်ဝင် မပါဖြစ်လိုက်တာပါ။ ကျနော်တို့က လှုပ်ရှားမယ့်ပုံစံချင်းမတူလို့နဲ့ တခြားရွေးချယ်မှုရှိလို့ အဲ့ကော်မတီထဲမပါပဲ၊ တခြားစုဖွဲ့မှုနဲ့ သွားဖို့ဆုံးဖြတ်ပါတယ်။ သူတို့ထဲက ကိုယ်စားလှယ်တယောက်နဲ့လည်း အဲ့ညဘက်ထိ အကြေအလည်ဆွေးနွေးကြပါသေးတယ်။ ၆ရက်နေ့ မနက်အထိလည်း သူတို့ ဂရုထဲ ကျနော်ရှိခဲ့ပါသေးတယ်။ စစ်ကြောရေးမှာလည်း အဲ့ကိစ္စ အထုခံရပါသေးတယ် ။ နောက်ပိုင်းတော့ သူတို့လည်း အဖွဲ့ကွဲသွားကြပါတယ်။ အဲ့ကိစ္စတွေ အများစုတော့ ငြင်းကြခုန်ကြဖြစ်ပြီးကြရောပေါ့…
ကျနော်လည်း အထဲမှာ ၄နှစ်ကျော်ကြာသွားတော့ အထဲမှာတုန်းကကျ အရိုက်ခံပြီးမှသာ အပြင်ကိုအသံကထွက်နိုင်တာ။အခုမှ ပြောရတာမို့ပါ။
~ ပါရမီ လှည်းတန်း နံနက်ခင်း ~
၆ရက်နေ့မနက်မယ် စံရိပ်ငြိမ်ဘက် ရောက်ဖြစ်တယ်။ အထည်ချုပ်စက်ရုံလုပ်သားများသမဂ္ဂ (FGWM)က မမိုးစန္ဒာမြင့်က ဂရုထဲမယ် အလုပ်သမားတွေ ကားတွေနဲ့ထွက်လာပြီဖြစ်ကြောင်း ဓါတ်ပုံတွေပို့ပေးလာတယ်။ အဲ့တုန်းက FGWMကနေ အထည်ချုပ်အလုပ်သမားသမဂ္ဂတွေတင် မဟုတ်ပဲတခြားစက်ရုံ၊အလုပ်ရုံတွေမှာပါ သမဂ္ဂတွေ ဖွဲ့နိုင်နေပြီမို့ နာမည်ပြောင်းဖို့ ပြင်ဆင်နေချိန်၊(မမိုးစန္ဒာမြင့်ကတော့ ခုချိန်ထိသူ့နာမည် ခနခန ထည့်သုံးတာ မကြိုက်လောက်ဘူး၊ သမိုင်းဆိုတော့ ထည့်သုံးလိုက်ပါတယ်) စံရိပ်ငြိမ် မှာလည်း အလုပ်သမားတွေရဲ့ ကားတချို့ရောက်နှင့်ပြီး နေရာမယူရသေးကြောင်းပြောတယ်။
အခု PLA ရဲဘော်တွေဖြစ်တဲ့ ကိုဟိန်းဇင် နဲ့ကျနော်လည်း အဲ့မနက် အဲ့ဘက်ရောက်ဖြစ်တယ်။ဒါပေမယ့် လူအုပ်ကြီးထဲ ဝင်မရောတော့ဘူး တနေရာက ကြည့်နေလိုက်တယ်။နိုင်ငံရေးအဖွဲ့အသီးသီးက လူတွေစုံနေတာကြောင့်ရောမဝင်တာကတကြောင်း၊ အဲ့အချိန် ကျနော်တို့က ဗကသမှာ ဖြစ်တဲ့အတွက် ဗကသများအဖွဲ့ချုပ်ရဲ့ အဆုံးအဖြတ်ကို နာခံပြီး နေ့လည် ၁နာရီ မြေနီကုန်းကနေ လှည်းတန်းဘက် အလုပ်သမားထုနဲ့ လူထုသပိတ်စစ်ကြောင်းကြီး ပိတ်ဆို့ခံရရင် ဒီဘက်က အားနဲ့ပြန်ဖိထားနိုင်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်နာဖို့ပါ။ အဲ့လိုပြောလို့ အထင်မကြီး ကြနဲ့ဦး ကျနော်တို့က အဲ့အချိန် ရန်ကုန်မှာ ကိုယ့်လူ ကိုယ်စုနိုင်မှ လူ ၁၀၀ မကျော်နိုင်သေးဘူး။ အမှန်ပြောရရင်တခြားနိုင်ငံရေးအဖွဲ့တွေအများစုလည်း သိပ်တော့မထူးခြားပါဘူး။ အဲ့အချိန် တစုတစည်းတည်း ထုနဲ့ထည်နဲ့ ထွက်နိုင်တာဆိုလို့ အလုပ်သမားအဖွဲ့ချုပ်တွေပဲရှိတာ။

~ နောက်ကြောင်း…ကောက်ကြောင်း ~
ဘာလို့ဆို နည်းနည်းနောက်ပြန်ကောက်ရရင် NLD နဲ့စစ်တပ် အာဏာခွဲဝေ အုပ်ချုပ်နေချိန်၊ကိုဗစ်ကာလကြီးမယ် လုပ်သားလျှော့ချရေးခေါင်းစဥ်အောက် ဥပဒေမဲ့ အလုပ်ထုတ်ခံရတာတွေ၊ စက်ရုံလုပ်ငန်းရှင်တွေ ညစ်ပြီး ဒေဝါလီခံကုန်ကြတာ၊ ရုံပိတ်ထွက်ပြေးပြီး လစာမရှင်းခဲ့ကြတာတွေကြောင့် အလုပ်သမားသပိတ်တွေ အများကြီး တန်းလန်းဖြစ်နေချိန်၊ လုပ်ငန်းရှင်ကြီးတွေ ဝန်ကြီးဖြစ်နေတဲ့ အလုပ်သမားရေးဝန်ကြီးဌာနကလည်း ဘာမှ မဖြေရှင်းပေးချိန်၊အလုပ်သမားတချို့အလုပ်သမားသပိတ်ခေါင်းဆောင်တွေလည်း သဘာဝဘေး ပုဒ်မတပ်ခံရလို့ ထောင်ထဲဝင်ထွက်ခဲ့ရချိန်ပါ။
အလုပ်သမား ရာနဲ့ချီ၊ ထောင်နဲ့ချီပါဝင်တဲ့ အလုပ်သမားသပိတ်တွေကလည်း လှိုင်သာယာ၊ရွှေပြည်သာ၊ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ လှည်းကူး၊မြောင်းတကာ၊ပဲခူးနေရာအနှံ့ပါပဲ။ ကျနော်နဲ့ ကိုဟိန်းဇင်၊အခု PLA ရဲဘော်ကိုခန့်ကျော်ထက်တို့က အဲ့ အာဏာမသိမ်းမှီ လပိုင်းအချိန်မှာ ဝရမ်းထုတ်ခံထားရပြီး ပဲခူးဘက်ခြမ်းနဲ့ မဂ်လာဒုံ၊လှည်းကူးဘက်က အလုပ်သမားထောင်ကျော်သပိတ်တွေမှာ ရုပ်ဖျက်ပြီး သွား စည်းရုံးနေချိန်ပါ။ PLA ထဲ အများစုရောက်နေကြတဲ့ ကိုအဲမွန်၊ကိုမိုးဝေ၊ကိုစံရှား တို့က မြောင်းတကာဘက်က ကျူးကျော်တဲတွေက လုပ်သားတွေကိုစုစည်းပြီး လေတပ်ပိုင်နယ်မြေထဲ ရွာသစ်ဖော်ပြီး မြေတွေ အခမဲ့ဝေခြမ်းပေးနေကြတာပါ။

~ FGWMနဲ့ ဗကသ ~
FGWM ရုံးကိုက ကျနော်၊ကိုဟိန်းဇင်၊ကိုမိုးဝေတို့ အာဏာသိမ်းမှုမတိုင်ခင် ကိုဗစ်ကာလမှာ ဆက်ဆံရေးအနေနဲ့ သွားလေ့လာပြီး တခြားအလုပ်သမားအဖွဲ့ချုပ်တွေနဲ့ မဟာမိတ်ဖွဲ့ရေး တွဲလုပ်ဖြစ်ကြပါတယ်။ သူတို့ရဲ့ သပိတ်တချို့နဲ့၊ ILO ရုံးချီတက်မှုတွေမှုမှာ ကိုမိုးဝေတို့ ကူညီပါဝင်ခဲ့ကြပါတယ်။ကျနော်တို့ထက် စောပြီး ထိစပ်ထားသူတွေ ရှိပါတယ် သူတို့နာမည်တွေ ဖော်ပြဖို့အခွင့်မသာသေးလို့ပါ။ကျနော်တို့ကတော့ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU)တို့ လက်ရှိ NUG က ကိုကျော်နီ(အဲ့အချိန်က ဆိုရှက်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး_SDUF)တို့နဲ့ အဲ့တုန်းက မှတ်မှတ်ရရ ချိတ်ဆက်ပေးဖြစ်ပါတယ်။သူတို့က အရင်ကာလတွေမှာ လူပုဂ္ဂိုလ်တွေချင်း အလုပ်အရ ဆက်စပ်မှုရှိကြပြီးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက အဲ့ဖြစ်စဥ်နဲ့ မဆက်စပ်မိသေးတဲ့ သူတွေအတွက်လိုမယ်ထင်လို့ ပြောတာပါ။
~ မြေနီကုန်းလက်ဖက်ရည်ဝိုင်းများ ~
ဆက်ရရင်…လှည်းတန်းက ရှိနေတဲ့အားကိုပဲ သွားအုံနေရင် ရန်သူက တစုထဲ ပိတ်ဆို့လို့ လွယ်သွားမှာစိုးတာရယ်၊ နောက်တချက်က ရှိတဲ့အားနဲ့ ရန်ကုန်မြို့တခြားနေရာတွေက လူထုကို လှုံ့ဆော်ပြီး တိုက်ပွဲခေါ် ကြ ဖော်ကြဖို့ပါ။ တဘက်မှာကလည်း ထောင်ကျော်ဆိုတော့ အုံချင်စရာပါ။ မြေနီကုန်းမှာ စုရပ်ထားပြီး စတင်လှုပ်ရှားကြပါတယ်။ စုရပ်ကို ကျနော်က ထုံးစံအတိုင်းနောက်ကျပြီးမှ ရောက်ပါတယ်။ (အဖမ်းခံရမယ့်နေ့ပဲ စောရောက်လို့ အဖမ်းခံရပုံပဲ ) ကျနော်နဲ့အတူ အဲ့တုန်းက ဗကသ ဥက္ကဌ ကိုသန့်၊ ကိုဟိန်းဇင်တို့ ပါတယ်။ စုရပ်နားရောက်ခါနီး မြေနီကုန်းက လူငယ် ၅၀ ကျော်လောက် ကြွေးကြော်သံတွေအော်၊ လက်သီးတွေမြှောက်ပြီး ထွက်လာနေတာတွေ့လို့ သိသူပါမလားကြည့်လိုက်တော့ ကိုထက်ခိုင်စိုး ကို ထိပ်ဆုံးမှာတွေ့ရတယ်။ ထိပ်ဆိုပေမယ့် ဓါတ်ပုံရိုက်ခံသာတဲ့ ထိပ်မဟုတ်ဘူး ဘေးထိပ် ကားပေါ်ကနေ ဗကသ အလံကိုင် အမြန်ပြေးဆင်းပြီး လမ်းဘေးက တိုင်တခုပြေးယူထောင်လိုက်ရတယ်။ အလံတွေ့တော့မှ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ) အဖွဲ့ဝင်တွေနဲ့ ကျနော်တို့ ဗကသ ရဲဘော်တွေ ဆိုင်တွေ လမ်းကြားတွေထဲနဲ့ နောက်ကနေ ပြေးထွက်လာပြီးပေါင်းကြတယ်။ လူငယ် ၁၀၀ကျော်လောက်ဖြစ်သွားချိန် ရဲကား ၂စီးလိုက်လာပြီ။ အစီအစဥ်အတိုင်း ချီတက်ဖို့ လမ်းကြားထဲချိုးလိုက်ပါတယ်။
လမ်းကြားတွေထဲ မှာလှုံ့ဆော်မှု စရမယ်ဆိုတာကလည်း ကြိုတင်ပြင်ဆင်ချက်ပါပဲ။ရန်သူအလွယ်တကူ မဝင်ရောက်နိုင်၊မဖြိုခွဲနိုင်ဖို့၊လူထုရဲ့သတင်းပေးမှုနဲ့ လုံခြုံနိုင်ဖို့၊ လူထုကိုယ်တိုင် တိုက်ပွဲအစမှာ လုံလုံခြုံခြုံပါဝင်နိုင်ဖို့ စီစဥ်ထားကြတာပါ။ လူထုတကယ်ပါဝင်လာမယ်လို့လည်း ယုံကြည်ထားလို့ပါ။တကယ်လည်း တိုက်တွေ ပေါ်က ပြေးဆင်းလာကြ ၊ လမ်းကြားတွေထဲက ပြေးထွက်လာကြ၊ဝရန်တာတွေပေါ်က လက်ခုပ်ဝိုင်းတီး၊ လက်ဝှေ့ရမ်း အော်ဟစ်ကြွေးကြော်နှုတ်ဆက်ကြတာပါပဲ။ လူ ၁၀၀ ပတ်ချာလည်နဲ့စထွက်တဲ့ သပိတ်စစ်ကြောင်းလေးဟာ…စမ်းချောင်း၊အလုံ ကြည့်မြင်တိုင် ညစျေးအရောက်မှာ လူသောင်းကျော်တဲ့ သပိတ်စစ်ကြောင်းကြီး ဖြစ်သွားပါပြီ။ ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ်_ ABFFU ခေါင်းဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူကိုဌေးအောင်တို့ တခြားနာမည်မဖော်ပြနိုင်သေးတဲ့သူတွေက အသင့်ပြင်ဆင်ပြီး ပူးပေါင်းခဲ့ကြပါတယ်။ ကျနော်တို့စထွက်လာတဲ့ ဦးဆောင်သူတချို့က နောက်နေ့အတွက် ပြင်ဆင်ဖို့ လူစုခွဲလိုက်ပေမယ့် လူထုကြီးကတော့ ၆ရက်နေ့ ညနေ မြို့တော်ခန်းမဆီ ဦးတည်ချီတက်သွားပါပြီ။ အဲ့ညနေမှာပဲ….ကိုမင်းကိုနိုင်လည်း မြို့တော်ခန်းမရှေ့ လူထုကြားထဲက ပြန်ထွက်ပေါ်လာပါပြီ….။

~ MICS နဲ့ပက်သက်ပြီးလည်း…~
နောက်ရက်လှုပ်ရှားမှုတွေမှာတော့ .. မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS )က ကိုသက်နှင်းအောင်နဲ့ MICS အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ရဲဘော်များကိုလည်း တောင်းပန်ရဦးမှာပါ။ ကိုသက်နှင်းအောင်က အဲ့အချိန် အထက်ဗမာပြည်မှာဖြစ်ပေမယ့် သူတို့အဖွဲ့ထဲက ခေါင်းဆောင်တယောက်နဲ့
နေ့စဥ်အလုပ်သမား လေးရာ ငါးရာကျော် ကျနော်တို့နဲ့ ယုံယုံကြည်ကြည်ပူးပေါင်းဖို့ စီစဥ်ပေးပါတယ်။ဟောပြောပွဲတွေမှာ သူတို့အဖွဲ့ခေါင်းဆောင်ကို အဖွဲ့ချုပ်ကိုယ်စားပြု စကားပြောခိုင်းဖို့ ကျနော်အဓိက မေ့လျော့ခဲ့ပါတယ်။ အလုပ်သမားတွေက စိတ်မကောင်းဖြစ်သွားကြကြောင်း ကိုသက်နှင်းအောင်နဲ့ အင်းစိန်ထောင်ထဲမှာ ဆုံကြတော့မှ သိရပါတယ်။ သူ့ကိုတော့ မမေ့သင့်တာကို မေ့လျော့ခဲ့လို့ လူချင်းလည်းတောင်းပန်ခဲ့ပြီးပါပြီ။ FGWM က မမိုးစန္ဒာမြင့်နဲ့ကိုအောင် ကိုလည်း နားလည်မှုလွဲခဲ့တာတွေများရှိရင် ဆိုပြီး ပြန်ထွက်လာတော့ ဖုန်းထဲကနေ တောင်းပန်ခဲ့ပါသေးတယ်။
နောက်ကြုံမှ အာဏာမသိမ်းမှီ ၂၀၂၀ရွေးကောက်ပွဲ နိုဝင်ဘာ ၈ရက်နေ့ မှာ အလုပ်သမား၊လယ်သမား၊ကျောင်းသားတွေပေါင်းပြီး အခြေခံအခွင့်အရေးဆိုင်ရာ ဆန္ဒပြပွဲတွေ ကတဆင့်
၂၀၀၈ ဖျက်သိမ်းရေး အထွေထွေသပိတ်ဖော်ဆောင်ဖို့အတွက် ပြင်ဆင်ခဲ့ကြပြီး မလုပ်နိုင်ခဲ့တာ၊ နောက်ရွှေ့လိုက်ကြရတာကို ရေးပါဦးမယ်။ ဒီအကြောင်းတွေက တယောက်ထဲပြန်ပြောလို့ မပြည့်စုံနိုင်ပါဘူး။ အဆင်သင့်ကြရင် မှတ်တမ်းတခုအဖြစ် တစစနဲ့ ဆက်စပ်ဖြည့်ပေးကြပေါ့ဗျာ….။ ဘယ်သူတွေ စခဲ့သလဲဆိုတာတွေထက် ဘယ်သူတွေ အဆုံးသတ်တိုက်ပွဲအထိ ဘယ်လိုပုံစံနဲ့ပါဝင်ခဲ့ကြသလဲဆိုတာကသာ ပိုစိတ်ဝင်စားဖွယ်ရာပါ……။ဆက်လက်ဖြည့်စွက်ကြရမှာပါ….။
ဝေယံဖြိုးမိုး
(၆.၂.၂၀၂၆)